နန်းဆုပန်ခန့်
ဒီဇင်ဘာ ၂၉၊ ၂၀၂၃။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းကျေးရွာရှိရဲစခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက် ရရှိခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံကသိရသည်။
ယနေ့မနက်အစောပိုင်းတွင် KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေသခံ ၁ ဦးက သံလွင်ခက် ကို ပြောသည်။
“ ဒီနေ့မနက်အစောပိုင်းကတည်းက သိမ်းလိုက်တာ။ လက်နက်တွေလည်းရတယ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အရှင်ဖမ်းမိတာလည်းရှိတယ်။ အတိအကျတော့ မသိရသေးဘူး” ဟု ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်တွင် တော်လှန်ရေးတပ်ပေါင်းစုများက စစ်ကောင်စီတပ်စွဲထားသည့် တောင်ကြာ အင်းကျေးရွာရှိ အ.ထ.ကကျောင်းကို စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
“ အဲ့ဒီ အ.ထ.က စာသင်ကျောင်းကိုဝင်တိုက်ပြီးတော့ ည ၁၁ နာရီလောက်မှာ စာသင်ကျောင်းမီးလောင်သွား တယ်။ ပြီးတော့ တောင်ကြာအင်းရဲစခန်းကို ဆက်သိမ်းတော့တာပဲ။ သိမ်းတဲ့အချိန်မှာ တိုက်ပွဲနေ့တိုင်းဖြစ်တယ်၊ စစ်တပ်ဘက်ကတော့ လေယာဉ်နဲ့ကိုလာပစ်တာ” ဟု အည်မဖော်လိုသူ ဒေသခံ ၁ ဦးက ဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများရှိသလို တော်လှန်ရေးပူးပေါင်းတပ်ဘက်ကလည်း ထိ ခိုက်သေဆုံးမှုနှင့် ဒရုန်းပျက်ကျမှုများရှိသည်ဟု သိရသော်လည်း သံလွင်ခက် အနေဖြင့် သီးခြားအတည်မပြုနိုင် သေးပေ။
နိုဝင်ဘာလ ၃၀ ရက်၊ ည ၁၁ နာရီကျော်ကစ၍ ဒီဇင်ဘာလ ၁၅ ရက်အထိ တော်လှန်ရေးပူးပေါင်းတပ်ဘက်က ကော့ကရိတ်တွင် တိုက်ပွဲများစတင်ဖော်ဆောင်ခဲ့ပြီး ကော့နွဲတံတားဂိတ်စခန်းအပြင် စစ်ကောင်စီက ယာယီတပ်စွဲ ထားသော စစ်ဆေးရေးဂိတ် ၁၀ ခုထက်မနည်း သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်းလည်း တော်လှန်ရေးပူးပေါင်း စစ်ကြောင်းများထံက သိရသည်။
ဓာတ်ပုံ – ဒေသခံ
ပုံစာ – တောင်ကြာအင်းတိုက်ပွဲအတွင်း ထိခိုက်ပျက်စီးမှုများ။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2829
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6742