ကော့ကရိတ်မြို့တွင် နေအိမ် အလုံး ၄၀ ခန့် မီးလောင်ပျက်စီး
**************************
နန်းဆုပန်ခန့်
ဒီဇင်ဘာ ၂၆ ၊ ၂၀၂၃။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ် အမှတ်၅ ရပ်ကွက်တွင် ယမန်နေ့ညပိုင်း၌ မီးလောင်ခဲ့ပြီး နေအိမ် ၄၀ ခန့် ပျက်စီးခဲ့သည်ဟု ဒေသခံများထံကသိရသည် ။
ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက် ည ၁၁ နာရီကမီးစတင်လောင်ကျွမ်းခဲ့ပြီး ရှို့မီးဖြစ်သည်ဟု ဒေသခံ ၁ ဦးကပြောသည်။
“ ရှို့မီးပေါ့။ လူမှမနေတာ လောင်တဲ့နေရာက။ သူခိုးတွေပဲရှို့တာဖြစ်ရမယ်။ ကျွန်တော်တို့ရပ်ကွက်က စစ်သားမလာဘူး။ ဘာစစ်သားမှမလာတာ” ဟု ၎င်းကပြောသည်။
အဆိုပါရပ်ကွက်က ဒေသခံအများစုစစ်ဘေးရှောင်နေကြရပြီး မီးလောင်ရသည့်အကြောင်းအရင်းမှာ လက်နက်ကြီးထိမှန်မှု ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များမီးရှို့မှုနှင့် သူခိုးများက နေအိမ်တံခါးများကို မီးရှို့ဖျက်ဆီးရာက မီးလောင်ခြင်း စသည့်အကြောင်းအရာများကြောင့် ဖြစ်နိုင်သည်ဟု မြို့ခံအမျိုးသား ၁ ဦးက မှတ်ချက်ပြုပြောသည် ။
ထိုရပ်ကွက်သည် စစ်ကောင်စီတပ်များရှိသည့်နေရာနှင့်လည်းနီးသောကြောင့် ကာကွယ်ရေးရဲဘော်များအနေဖြင့် မီးလောင်ချိန်၌သွားရောက်ကူညီဖို့ ခက်ခဲသည့်အခြေအနေရှိခဲ့သည်ဟု စစ်ကြောင်းများထံက သိရသည်။
ထို့ပြင် ယမန်နေ့ညပိုင်းတွင်လည်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများရှိခဲ့သည်ဟု ကျားဖြူစစ်ကြောင်းက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ပွဲတော် ကပြောသည် ။
” ညက ၇ ၊ ၈ ၊၉ နာရီလောက်မှာ လက်နက်ကြီးရော လက်နက်ငယ်ရော သူတို့ ပစ်တာရှိတယ်နော်။ အခုက လေတအားတိုက်တော့ လက်နက်ကြီးကျပြီး မီးထလောင်ရင်လည်း ရပ်ကွက်ထဲမှာ အိမ်တစ်လုံးနဲ့တစ်လုံး ကပ်ကပ်လေးတွေဆိုတော့ ကူးစက်နိုင်တယ်လေ”ဟု ၎င်းကပြောသည် ။
ကော့ကရိတ်မြို့အနီးဝန်းကျင်နှင့် မြို့ပေါ်တချို့နေရာရှိ စစ်ကောင်စီတပ်စွဲထားသည့်နေရာများကို ကျားဖြူစစ်ကြောင်းဦးဆောင်သည့် KNLAနှ င့်PDF ပူးပေါင်းစစ်ကြောင်းများက ဒီဇင်ဘာလ ၁ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ကော့ကရိတ်တွင် တိုက်ပွဲများမကြာခဏဖြစ်ပွားနေခဲ့ပြီး ဒေသခံအများစု စစ်ဘေးရှောင်နေကြရသည်။
ထို့ကြောင့် ကော့ကရိတ်မြို့ပေါ်ရှိနေအိမ်များ ဖောက်ထွင်းခံရမှု၊ ဖျက်ဆီးခံရမှု နှင့် မီးရှို့ခံရမှုများ ဆက်တိုက် ဖြစ်ပွားနေပြီး ဒီဇင်ဘာဒုတိယအပတ်တွင်း၌လည်း ကော့ကရိတ်မြို့၊ အမှတ် ၇ ရပ်ကွက်ရှိနေအိမ်များကို စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့သေးသည်ဟု ကာကွယ်ရေးရဲဘော်များက ပြောသည်။
ပုံစာ – ကော့ကရိတ်မြို့တွင် ယမန်နေ့ညက မီးလောင်မှု ဖြစ်ပွားခဲ့သည့်မြင်ကွင်း။
ဓာတ်ပုံ – ဒေသခံ။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2797
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6714