မိခိုင်
ဒီဇင်ဘာ ၂၄၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ယနေ့ နံနက် ၃ နာရီ ၂၀ မိနစ်ကစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံ ၂ ဦးသေဆုံးကာ ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ငွေတောင်ပေါက်တံတားအနီးရှိ ရဲစခန်းအား ရက္ခိုင့်တပ် တော်ကတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ဒေသခံများသေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံအမျိုးသမီး ၁ဦးက ” ဆင်ချဆိတ်ရပ်ကွက်မှာ ၁ ဦးသေတယ်။ ဒဏ်ရာရတဲ့လူ ၄ယောက်လောက်ရှိတယ်။ ရွာဟောင်းပိုင်ရပ်ကွက်မှာ ၁ ဦးသေတယ်။ ၆ ယောက် ဒဏ်ရာရတယ်လို့ သိရတယ်။ ဘယ်သူဘယ်ဝါဆိုတာကိုတော့ မပြောနိုင်ဘူး ” ဟု ဆိုသည်။တိုက်ပွဲမှာ နံနက် ၁၀ နာရီကျော်လောက်တွင် ရပ်တန့်သွားသော်လည်း စစ်တပ်က လက်ရှိအချိန်ထိ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
နောက်ထပ် မြို့ခံအမျိုးသား ၁ ဦးက ” တိုက်ပွဲက ရပ်နေပြီး။ ဒါပေမယ့် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်နေတာတော့ ရှိတယ်။ အခုထိ ပစ်တုန်းပဲ။ မြို့ထဲကိုလည်း ပစ်တယ်” ဟု ဆိုသည်။ လက်ရှိတွင်လည်း ဒေသခံများ အားလုံးနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးနေကြကြောင်းသိရပြီး အောင်တပ်ရပ် ကွက်ကဒေသခံ ၁ ဦးက ” စက်လှေတွေနဲ့ တစ်မျိုး၊ ကားနဲ့ တစ်မျိုး ပြေးနေကြတယ်။ ညနေလောက် ကျရင် ၁ ယောက်မှ ကျန်တော့မှာ မဟုတ်ဘူး။ အစကတည်းက ပြေးနေကြတယ်ဆိုပေမယ့် အခုက မြို့လုံးကျွတ် ပြေးနေကြတယ် “ဟု ဆိုသည်။
မြောက်ဦးရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ၅၄၀ တပ်ရင်း၊ ၃၇၇ တပ်ရင်းနှင့် ၃၇၈ တပ်ရင်းများက လက်နက်ကြီးများဖြင့် လက်ရှိအချိန်ထိ ပစ်ခတ်နေကြောင်းသိရသည်။ တကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားသည့် နိုဝင်ဘာလကစတင်၍ မြောက်ဦးရှိ ဒေသခံအများစု ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်။
ဓာတ်ပုံ – ဒေသခံ။