မိခိုင်
ဒီဇင်ဘာ ၁၉ ၊ ၂၀၂၃။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ်များကြားတိုက်ပွဲကြောင့် ကုန်းလမ်း၊ ရေလမ်းများအား စစ်ကောင်စီကပိတ်ဆို့လိုက်ပြီးနောက်ပိုင်း လောင်စာဆီပြတ်လပ်လာသည့်အတွက် ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ ပြတ်တောက်လာသည်ဟု သိရသည်။
ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မင်းပြား ၊ ရသေ့တောင် ၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး စသည့်မြို့နယ်များတွင် လောင်စာဆီပြတ်လပ်လာခြင်းဖြစ်ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် ၊ ယိုးတရုတ်ကျေးရွာသား ၁ ဦးက ” တာဝါတိုင်တွေက ရေနံဆီစက်တွေ၊ ဓာတ်ဆီစက်တွေ နဲ့ နိုးရတာလေ။ ပုံမှန်အားဖြင့်တော့ ဆီတွေက ၁ လစာ လာထည့်ကြတယ်။ အခုက တိုက်ပွဲ စဖြစ်တာ ၁ လကျော်လောက်ရှိပြီ ။ လမ်းတွေပိတ်တာကြောင့်လည်း ပါမယ်။ ဆီဖြည့်ပေးတဲ့လူတွေက ဆီလာမဖြည့်တော့ဘူး။ ” ဟု ၎င်းက ဆိုသည်။
တာဝါတိုင်များတွင် လောင်စာဆီစက်များကို ဆီဖြည့်ပြီး ဖုန်းလိုင်းများ ဖြန့်ဝေခြင်းဖြစ်ပြီး လက်ရှိတွင် လောင်စာဆီများ ပြတ်လပ်သွားသည့်အတွက် ဖုန်းလိုင်းများ ပြတ်တောက်လာခြင်းဖြစ်သည်။
လက်ရှိတွင် ပေါက်တောမြို့နယ်များတွင်လည်း အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟု လက်ပံပြား ကျေးရွာသား ၁ ဦးက ဆိုသည်။
” MPT လိုင်းမရတာ ၃ ပတ်ကျော်လောက်ရှိပြီ။ MyTel ကတော့ ဖုန်းလိုင်းရသေးတယ်။ အင်တာနက်လိုင်း မရတော့ဘူး ” ဟု ဆိုသည်။
ရခိုင်ပြည်နယ်ရှိ ဒေသခံအများစုသည် MPT နှင့် Mytel ဆင်းကဒ်များကိုသာ အသုံးပြုလေ့ရှိကြသည်။
စစ်အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက် speed များ လျှော့ချထားသည့်အတွက် အင်တာနက်ရသည့် နေရာများတွင်လည်း VPN ကဲ့သို့ application များ အသုံးပြု၍ အင်တာနက်သုံးနေကြရသည်။
ဓာတ်ပုံ – Twitter
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2756
Website – > https://thanlwinkhet.net/?p=6649