မိခိုင်
ဒီဇင်ဘာ ၁၉ ၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ယမန်နေ့ နံနက်ပိုင်းတွင် မြို့မစျေးကြီး၊ သိမ်တောင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။
စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် မြို့ခံများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရကြောင်း ဒေသခံ ၁ ဦးက ဆိုသည်။
” မနက်ပိုင်းကတည်းက ပစ်သံတွေကြားရတယ်။ မြို့မစျေးကြီးနားက စစ်ကောင်စီတပ်စခန်းနားမှာ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ အဲဒါပြီးတော့ ၁၂ နာရီကျော်လောက်မှာ ဂျက်ဖိုက်တာ ၁ စင်းလာတယ်။ အဲဒီနောက် မြို့ကို ၁၀ လုံး ဗုံးကြဲချတယ်။ အခုကတော့ မြို့ကလူတွေအကုန် နယ်ဘက်တွေကို ပြေးသွားကြပြီ ” ဟု ၎င်းကဆိုသည်။
ရမ်းဗြဲမြို့တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် သံဇစ်မြစ်ကနေ၍ စစ်ကောင်စီက Navy ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
” ဒီဘက်တွေမှာက လက်နက်ကြီး နေ့တိုင်းလိုလို ပစ်တာရှိတယ်။ ဒီနေ့တော့ မနက်ကတည်းက အများကြီးပစ်တယ်။ Navy ကလည်း ဆက်တိုက်ပစ်တယ်။ ဘယ်ဘက်တွေကို ပစ်နေတာလဲ မသိဘူး။ ” ဟု ဆိုသည်။
လက်ရှိတွင် ရမ်းဗြဲမြို့ခံများအနေဖြင့် နီးစပ်ရာသို့ ရွှေ့ပြောင်းနေကြကြောင်းသိရသည်။
AA အနေဖြင့် ရမ်းဗြဲမြို့ရှိ လေးတောင်နယ်မြေ ရဲစခန်း၊ အောင်လှပြင်နယ်မြေရဲစခန်း၊ ကျောက်နီမော်နယ်မြေ ရဲစခန်းနှင့် အမှတ် – ၃၂ ရဲတပ်ရင်းခွဲ၊ မာယာတောင် ရဲစခန်းတို့အား သိမ်းပိုက်ထားကြောင်း ဒီဇင်ဘာလ ၁၄ ရက် တွင် ထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့ ရခိုင်ပြည်နယ်ရှိ မြို့နယ်များဖြစ်သည့် မြောက်ဦး၊ ပေါက်တော၊ မင်းပြား၊ မောင်တောတို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ရက္ခိုင့်တပ်တော် က ရခိုင်ပြည်နယ်၏ မြို့နယ်အားလုံး နီးပါးရှိ ရဲစခန်းနှင့် ကင်းစခန်းများအား သိမ်းပိုက်ထားသည်ကို တွေ့ရသည်။
စစ်ပွဲ ၄၅ ရက်တာကာလအတွင်း ရက္ခိုင့်တပ်တော်အနေဖြင့် မြို့နယ် ၁၆ မြို့နယ်က စစ်ကောင်စီစခန်း ၁၄၂ ခု အား သိမ်းပိုက်ထားကြောင်း AA က ထုတ်ပြန်ထားသည်။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2750
Website – > https://thanlwinkhet.net/?p=6643