ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာ ၁၀ ခုဝန်းကျင် သိမ်းပိုက်နိုင်
********************************
နန်းဆုပန်ခန့်
ဒီဇင်ဘာ ၁၈၊ ၂၀၂၃။
နိုဝင်ဘာလ ၃၀ ရက်ကစတင်ခဲ့သည့် ကော့ကရိတ်မြို့တိုက်ပွဲတွင် KNLA နှင့် PDF ပူးပေါင်းတပ်များဘက်က ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီးတဝိုက်ရှိ စစ်ကောင်စီအထိုင်ချထားရာ နေရာ ၁၀ ခုဝန်းကျင်ကို သိမ်းပိုက် နိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
“ ဟုတ်တယ်။ စခန်းက စစ်ကောင်စီတပ်သားတွေ စိုးမိုးနေတဲ့စစ်ဆေးရေးဂိတ်တွေနဲ့ သူတို့နေကြတဲ့ စာသင်ကျောင်းတွေ အိမ်တွေအပါအဝင် ၁၀ ခုလောက်ရှိပါမယ်။ စခန်းတော့မဟုတ်ဘူး။ သူတို့ ယာယီတပ်စွဲပြီး စစ်ဆေးရေးလုပ်နေတဲ့ ပြည်သူတွေဆီက ငွေကို အဆမတန်ကောက်နေတဲ့နေရာတွေ ဂိတ်တွေပေါ့ဗျာ” ဟု နဂါးဖြူပြန်ကြားရေးတာဝန်ခံက သံလွင်ခက် ကိုပြောသည်။
ကော့ကရိတ် – မြဝတီ အာရှလမ်းရှိ ကော့နွဲစခန်းကိုလည်း ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က သိမ်းပိုက်နိုင်ခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်၊ ညပိုင်းမှာတော့ ကော့နွဲတံတားကျိုးသွားကြောင်း ဒေသခံများကဆိုသည်။
ကော့ကရိတ် – မြဝတီအာရှလမ်းပိုင်းတိုက်ပွဲကို တော်လှန်ရေးပူးပေါင်းအဖွဲ့များဖြစ်သည့် ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Cobra Column စစ်ကြောင်း – ၁၊ ကျားသစ်နက်စစ်ကြောင်း၊ ဒေါနစစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့ဝင်များက ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး အာရှလမ်းပိုင်းကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့သည်။
တိုက်ပွဲစတင်ခဲ့သည့်အချိန်ကစ၍ ယခုအချိန်အထိဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲများတွင် စစ်ကောင်စီဘက်က သေဆုံးမှုများရှိသလို ကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း ၁ ဦးကျဆုံးသွားကြောင်း သိရသည်။
ပုံစာ- ကော့နွဲ့တံတားကျိုးကျနေသည့်မြင်ကွင်း။
ဓာတ်ပုံ – ဒေသခံ။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2746
Website – > https://thanlwinkhet.net/?p=6635