နန်းဆုပန်ခန့်
ဒီဇင်ဘာ ၁၈ ၊ ၂၀၂၃။
ကရင်ပြည်နယ်၊ မြဝတီ – ကော့ကရိတ် အာရှလမ်းမတွင် ကုန်တင်ကား အစီး ၈၀ ခန့်ပိတ်မိနေပြီး အပျက်အစီးတချို့လည်း ရှိနေသည်ဟု ဒေသခံများထံက သိရသည်။
နိုဝင်ဘာလ ၃၀ ရက် ညပိုင်းအချိန်တွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ကော့ကရိတ်မြို့ရှိ စစ်ကောင်စီအခြေစိုက်စခန်းများကို စတင်တိုက်ခိုက်ခဲ့ရာပြီး ယခုအချိန်ထိ ကုန်တင်ကားများ ပိတ်မိနေခြင်းဖြစ် သည်။
“ ပိတ်မိတဲ့ကုန်တင်ကားတွေကတော့ ၁၂ ဘီး၊ ၂၂ ဘီး တွဲကားကြီးတွေပါ။ ၂၂ ဘီးဆို အနည်းဆုံး သိန်း၁,၀၀၀ တန်တယ်။ ကားပေါ်တင်ထားတဲ့ ပစ္စည်းတန်ဖိုးကလည်း အနည်းဆုံး သိန်း ၁,၀၀၀ ကနေ သိန်း ၅,၀၀၀ ဝန်းကျင်ပဲ၊ ဟု ဒေသခံ ၁ ဦးက သံလွင်ခက် ကို ပြောသည်။
မြဝတီ – ကော့ကရိတ် အာရှလမ်းမပေါ်ပိတ်မိနေသည့်ကားအချို့ ပျက်စီးမှုများရှိသလို ကားသော့များကိုလည်း အတင်းအဓမ္မတောင်းယူနေသည်ဟု ဒေသခံ ၁ ဦးကဆိုသည်။
“ပျက်စီးသွားတဲ့ ကားအရေအတွက်ကိုတော့ အတိအကျမသိရသေးဘူး။ ကားဘီးကျည်ထိလို့ ဘီးပေါက်နေတဲ့ ကားတွေ၊ မှန်ကွဲနေတဲ့ ကားတွေရှိတယ်။ ကားသော့ကို စစ်တပ်ဘက်ကသိမ်းတာတွေရှိတယ်။ သေနတ်ပြပြီးတောင်းတော့ ပေးရတာပေါ့” ဟု အမည်မဖော်လိုသူဒေသခံ ၁ ဦးကပြောသည်။
အာရှလမ်းတချို့နေရာများတွင် ကားကြီး ၁၅ စီးခန့် ပိတ်မိနေသည်ဟု မျက်မြင်ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသလို ကော့ကရိတ်မြို့ပေါ်တွင် ဒေသခံ ၅ ပုံ ၁ ပုံခန့်ကျန်နေသေးကြောင်း ဒေသခံများထံက သိရသည်။
နိုဝင်ဘာလနှောင်းပိုင်းတွင် မြဝတီ – ကော့ကရိတ်အာရှလမ်းကို ကာကွယ်ရေးတပ်ဖွဲ့များက စိုးမိုးထားနိုင်ခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအရသိရသည်။
ပုံစာ – အာရှလမ်းတွင် ပိတ်မိနေသည့် ကားတချို့မြင်ကွင်း
ဓာတ်ပုံ – ဒေသခံ။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2745
Website – > https://thanlwinkhet.net/?p=6632