နန်းဆုပန်ခန့်
ဒီဇင်ဘာ ၁၅ ၊ ၂၀၂၃။
ကေအဲန်ယူ၊ တပ်မဟာ ၆၊ ကော်သူးလေထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်များသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည်ဟု ဒေသခံများထံကသိရသည်။
ဒီဇင်ဘာလ ၁၄ ရက်၊ ညနေ ၅ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များသည် မြို့မစျေးရှေ့ ဗိုလ်ချုပ်လမ်း၏ မြောက်ဘက်ရှိရပ်ကွက်အပါအဝင် မီးသတ်ရုံးရှေ့၊ ဖုန်းရုံးနှင့် ဗလီအနီးရှိ စျေးဘက်တွင် ၁ လုံးဆီကျရောက်ခဲ့ကြောင်း ဒေသခံများထံကသိရသည်။
“ တိုက်ပွဲတော့မဖြစ်ဘူးလို့ပြောတယ်။ ဒီတိုင်းပဲ စစ်တပ်ဘက်ကနေပြီးတော့ အလုံးကြီးတွေပစ်ထုတ်နေတာလို့ ပြောပါတယ်။ အနီးအနားကအိမ်တွေတော့ ပျက်ဆီးမှုမရှိဘူး။ မီးလောင်မှုလည်းမရှိဘူး၊ တချို့အိမ်တွေတော့ သွပ်ပြားပေါက်ပြီးတော့ အထဲမှာအနည်းအကျဥ်းပျက်ဆီးသွားတာပါပဲ “ ဟု ထွက်ပြေးတိမ်းရှောင်နေရသူ ဒေသခံအမျိုးသမီး ၁ ဦးကဆိုသည်။
ကော့ကရိတ်တိုက်ပွဲမစတင်ခင်ကာလတွင်လည်း စစ်ကောင်စီအခြေစိုက်စခန်းများက ဒေသခံများနေထိုင်ရာ မြို့တွင်း၊ ရွာတွင်းများကို လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်လေ့ရှိခဲ့သည်ဟု ဒေသခံများကဆိုသည်။
၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားနှုန်းပိုမိုများပြားလာသည့်နည်းတူ ထွက်ပြေးတိမ်းရှောင်နေကြရသော ဒေသခံစစ်ရှောင်အရေအတွက် ပိုမိုများလာခြင်းကြောင့် ရေရှည်အဆင်မပြေမှာစိုးရိမ်ရကြောင်း တနိုင်တပိုင် စစ်ရှောင်အရေးကူညီပေးနေသူများကဆိုသည်။
“အလှုရှင်တွေနည်းလာတယ်။ အခြေအနေကပိုဆိုးလာရင် အစ်မတို့ဘက်က ခက်ခဲလာလိမ့်မယ်၊ အကုန်လုံးက လှူနိုင်သလောက်လှူနေကြပေမယ့် ရေရှည်မကူညီနိုင်မှာစိုးရိမ်ရတယ်။ တော်တော်များများက ကြပ်တည်းနေတဲ့ အချိန်ဆိုတော့လေ” ဟု ၎င်းကပြောသည်။
ဒီဇင်ဘာလ ၁၂ ရက်၊ နေ့လယ် ၁ နာရီအချိန်တွင်လည်း အူ့ဟူးထာ့ရွာနေ အသက် ၁၉ နှစ်အရွယ် လူငယ် ၁ ဦးအား စစ်ကောင်စီ၏ ခမရ − ၅၈၅ က သေနတ်ဖြင့်အကြောင်းမဲ့ပစ်ခတ်ခဲ့သဖြင့် ခြေထောက်ထိမှန်ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကစ၍ စက်တင်ဘာလ ၃၀ ရက်အထိ ကော်သူးလေထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစား စုစုပေါင်း ၁၈ မျိုးဝန်းကျင်ရှိခဲ့ပြီး အကြိမ်ရေ ၁,၈၄၇ ကြိမ်ထက်မနည်းရှိခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်အရသိရသည်။
ထို ၁၈ မျိုးဝန်းကျင်တွင် ပြည်သူလူထုများအား လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည့်အရေအတွက် ၁,၂၇၂ ကြိမ်ရှိခဲ့ပြီး အိမ်ပေါင်း ၇၄၉ လုံး ပျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပုံစာ- စစ်ကောင်စီကကျူးလွန်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း။
ဓာတ်ပုံ – KNU