မိခိုင်
ဒီဇင်ဘာ ၁၅ ၊ ၂၀၂၃။
၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီကြားဖြစ်ပွားခဲ့သည့် ၄၅ ရက်တာတိုက်ပွဲကာလအတွင်း ရခိုင် ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် ၁၆ မြို့နယ်က စစ်ကောင်စီစခန်း ၁၄၂ ခုကို သိမ်းပိုက်ထားနိုင်ကြောင်း ရက္ခိုင့်တပ်တော် – AA က ဒီဇင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးစတင်သည့် ၂၀၂၃ ခုနှစ်၊ အောက် တိုဘာလ ၂၇ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်အထိ စုစုပေါင်း ၄၅ ရက်အတွင်း စစ်ကောင်စီ၏ စစ်စခန်း၊ ရဲစခန်း၊ စစ်ဘက် – ရဲဘက်စခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများအား သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရက္ခိုင့်တပ်တော်သည် စစ်တွေတွင် အောင်ဒိုင်ချောင်းဝစခန်း၊ ပေါက်တောတွင် ဆင်တက်မော် လုံထိန်းစခန်း အပါ အဝင် ရဲစခန်း ၅ ခု၊ ကျောက်ဖြူတွင် မြို့ချောင်း ရဲစခန်းအပါအဝင် ရဲစခန်း ၇ ခု ၊ ရမ်းဗြဲတွင် နယ်မြေရဲစခန်း ၄ ခု၊ မြေပုံတွင် ကမ်းထောင့်ကြီးမြို့ ရဲစခန်းနှင့် တောင်ကုန်းစခန်း ၃ ခု၊ တောင်ကုတ်တွင် ရွာမရဲစခန်းနှင့် လမူးရဲစခန်း၊ လမူးတိုက်နယ်၊ သံတွဲတွင် ကျောက်ကြီးနယ်မြေရဲစခန်းအပါအဝင် ရဲစခန်း ၂ ခု ၊ အမ်းတွင် ခမရ ၅၄၂ တပ်ရင်းနှင့် တောင်ကုန်းစခန်း ပူးတွဲပါ စခန်း ၃ ခု ၊ မောင်တောတွင် ရွာသစ်ကေကင်းစခန်းအပါအဝင် နခခ ၁ လက်အောက်ခံ ကင်းစခန်း ၆၂ ခုအား သိမ်းပိုက်ထားသည်။
ထို့အတူ ကျောက်တော်တွင် တပ်မ ၅၅ လက်အောက်ခံ၊ ခမရ – ၁၈ တပ်ရင်းနှင့် ယာယီအခြေပြုစခန်းအပါအဝင် ပူးတွဲပါလက်အောက်ခံ တပ်မစခန်း ၇ ခု ၊ မြောက်ဦးတွင် တိမ်ညိုကျေးရွာ ရဲစခန်းအပါအဝင် စခန်း ၃ ခုနှင့် မင်းပြားတွင် ပန်းမြောင်း အောင်မင်္ဂလာတောင်ကုန်းစခန်းအပါအဝင် ရဲစခန်း ၅ ခု ၊ ဘူးသီးတောင်တွင် ဓာတ်အားခွဲရုံ ရဲကင်းစခန်းအပါအဝင် စခန်း ၆ ခု၊ ရသေ့တောင်တွင် အငူမော်စခန်းအပါအဝင် စခန်း ၄ ခု ၊ ပုဏ္ဏားကျွန်းတွင် တပ်မ – ၂၂ လက် အောက်ခံ၊ ခမရ -၂၀၂/ ၂၀၄ အပါအဝင် ပူးတွဲပါ စခန်း ၃ ခု အား သိမ်းပိုက်ထားကြောင်း ထုတ်ပြန်သည်။
ချင်းပြည်နယ် ပလက်ဝတွင်လည်း ခလရ – ၂၈၉ ၊ ခမရ -၂၁၁ ၊ တပ်မ ၅၅ လက်အောက်ခံ ခမရ – ၁၈ တပ်ရင်း စခန်းကုန်း၊ စစ်စခန်းငယ်၊ ဂိတ်တချို့နှင့်ဗျူဟာကုန်းအပါအဝင် ၁၇ ခု အား သိမ်းပိုက်ထားသည်ဟု ထုတ်ပြန်ချက်အရသိရသည်။
ဓာတ်ပုံ – AA Info Desk
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2727