မိခိုင်
ဒီဇင်ဘာ ၁၄ ၊ ၂၀၂၃။
ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားအားကို စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ထားသည့်အတွက် လက်ရှိတွင် လောင်စာဆီ ၁ လီတာကို ကျပ် ၃၀,၀၀၀ ကျော်ထိ မြင့်တက်လာသည်ဟု သိရသည်။
ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မြေပုံစသည့် မြို့နယ်များတွင် ယခုကဲ့သို့ စျေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။
ယခင်က လောင်စာဆီ ၁ လီတာကို ၃၀၀၀ ကျပ်၊ ၁ ဂါလံကို ၁၂၀၀၀ ကျပ်ရှိခဲ့ရာက လက်ရှိမှာတော့ ၁ လီတာကို ၃၅၀၀၀ ကျပ်၊ ၁ ဂါလံကို ၁၄၀,၀၀၀ ကျပ်ထိ စျေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။
ပေါက်တောမြို့နယ်ရှိ ဒေသခံ ၁ ဦးက ” အခုက ဓါတ်ဆီပဲဖြစ်ဖြစ်၊ ရေဆံဆီပဲဖြစ်ဖြစ် ၀ယ်ဖို့အတွက် ရှာမရဘူး။ ရှိတဲ့ လူတွေကလည်း စျေးကို တအားတင်ထားကြတယ်။ အခုထက်ပိုပြီး စျေးကြီးလာဖို့ပဲ မြင်ပါတယ် ” ဟု ၎င်းက ဆိုသည်။
တချို့ကျေးရွာများတွင်လည်း အရေးပေါ်လိုအပ်ချက်များအတွက် ဝယ်ယူရန် လောင်စာဆီများ ပြတ်လပ်နေသည်ဟု သိရသည်။
မင်းပြားမြို့နယ်တွင်လည်း လောင်စာဆီ ပြတ်လပ်နေသည့်အတွက် စပါးများအား လက်ဖြင့်ရိတ်သိမ်းနေရကြောင်း ဆိုသည်။
လယ်သမား ၁ ဦးက ” ဆီစျေးက တအားတက်သွားတော့ ကျွန်တော်တို့ဆီမှာ မဝယ်နိုင်တော့ဘူး။ အခုက အလုပ်သမားတွေလည်း ရှားတယ်။ တစ်ဘက်ကလည်း နှစ်တိုင်း စပါးရိတ်စက်တွေပဲ အသုံးပြုကြတော့ စပါးရိတ်ဖို့မတတ်နိုင်တဲ့ လူတွေများတယ်။ ဆီလည်း မဝယ်နိုင်ဘူး။ အလုပ်သမားကလည်း ရှားတယ်။ အဘက်ဘက်က အခက်အခဲပါပဲ ” ဟု ဆိုသည်။
လောင်စာဆီပြတ်လပ်မှုနှင့် ကြုံလာရသည့်အတွက် တချို့သော လူမှုကူညီရေးအဖွဲ့အစည်းများမှာလည်း အလုပ်များ ရပ်တန့်ထားရသည်။
ရခိုင်ပြည်နယ်၏တကျော့ပြန်စစ်ပွဲများတွင် စစ်ကောင်စီက ကုန်းလမ်း၊ ရေ လမ်းပိတ်ဆို့ထားခြင်းကြောင့် တချို့ မြို့ ကြီးများနှင့် နေရာအများအပြားတွင် ရိက္ခာပြတ်လပ်လာခြင်းနှင့် ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာခြင်းတို့ ကြောင့် စားဝတ်နေရေးအကြပ်အတည်းများနှင့် ရခိုင်ပြည်သူများ ရင်ဆိုင်နေကြရသည်။
ဓာတ်ပုံ – Twitter
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2725
Website – > https://thanlwinkhet.net/?p=6606