နန်းဆုပန်ခန့်
ဒီဇင်ဘာလ ၁၄၊ ၂၀၂၃။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တိုက်ပွဲကြောင့် စစ်ကောင်စီဘက်က ဖုန်းလိုင်းဖြတ်တောက်ထားပြီး စစ်ဘေး ရှောင်နေရသူများ၏နေအိမ်ရှိပစ္စည်းများ ခိုးယူခံနေရသည်ဟု ဒေသခံစစ်ရှောင်များထံက သိရသည်။
တိုက်ပွဲပြင်းထန်ခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နောက်ပိုင်း စစ်ကောင်စီဘက်က ဖုန်းလိုင်းဖြတ်တောက်သွားသည်ဟု ဒေသခံ ၁ ဦးက သံလွင်ခက် ကိုအတည်ပြုသည်။
“ ဟုတ်တယ်လေ။ စစ်ဖြစ်ပြီး ၃၊ ၄ ရက်လောက်မှာ လိုင်းဖြတ်ထားတာ။ မြို့ထဲနဲ့ မြို့ပြင်တချို့ ရွာတွေမှာ လည်းဖြတ်ထားတာရှိတယ်” ဟု ကော့ကရိတ်မြို့အနီး ထွက်ပြေးတိမ်းရှောင်နေသူ ၁ ဦးကဆိုသည်။
ထို့အပြင် ကော့ကရိတ်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသူများ၏ နေအိမ်များကပစ္စည်းများ ခိုးယူခံ နေရသည်ဟုလည်း ဒေသခံများကဆိုသည်။
“ တန်ဖိုးကြီးတာတွေခိုးတဲ့အဖွဲ့ရှိသလို စားစရာ၊ အအေးတွေနဲ့ ကြက်၊ ဘဲတွေ ခိုးတာတွေလည်းရှိတယ်။ ခိုးတဲ့ လူတွေက ဒေသခံတွေထဲကမဟုတ်ဘဲ လာခိုးတာလား။ ဘယ်ကလဲတော့ မသိဘူး ။ မမြင်ဖူးတဲ့သူတွေလည်း ပါ တယ်” ဟု ကော့ကရိတ်ဒေသခံ ၁ ဦးကဆိုသည်။
ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖြစ်ပွားသည့်နေရာတွင် အများဆုံးနေထိုင်သူ ၅၀ ဦးခန့်သာ ရှိတော့မည်ဟု ဒေခံ များက ခန့်မှန်းထားသည်။
ကော့ကရိတ်မြို့တွင်းနှင့် တိုက်ပွဲပြင်းထန်သည့်ကျေးရွာတချို့တွင် ဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်နေရ သလို စားသောက်ရန်နှင့် ဖုန်းဘေလ်ဝယ်ယူရန်ခက်ခဲခြင်း၊ တစ်ဦးနှင့်တစ်ဦးအဆက်အသွယ်မရခြင်း၊ စက်သုံး ဆီဝယ်မရခြင်း စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ထွက်ပြေးတိမ်းရှောင်သူများကဆိုသည်။
ကော့ကရိတ်တိုက်ပွဲဖြစ်ပွားစဥ်တွင် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် နှစ်ဘက်ထိတွေ့တိုက်ပွဲကြောင့် ဒေသခံများသေဆုံးခဲ့သည့်အပြင် နေအိမ်ပျက်ဆီးမှုများလည်းရှိသည်ဟု ဒေသ တွင်း သတင်းရင်းမြစ်များထံကသိရသည်။
စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ ကရင် ပြည်သူပေါင်း ၇၁၇,၆၂၆ ဦး အိုးအိမ်စွန့်ခွာဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု KNU ဗဟိုကထုတ် ပြန်ထားသည်။
ဓာတ်ပုံ – KIC
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2721
Website – > https://thanlwinkhet.net/?p=6600