စစ်ကောင်စီ၏ အကြီးဆုံး ဗျူဟာကုန်း ၂ ခုလုံးအား တစ်ပတ်အတွင်း ရက္ခိုင့်တပ်တော်သိမ်းပိုက်
*************************
မိခိုင်
ဒီဇင်ဘာ ၁၂ ၊ ၂၀၂၃။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီကအခိုင်အမာစခန်းချထားသော ဗျူဟာကုန်း ၂ ခု ဖြစ်သည့် တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာတို့အား ရက္ခိုင့်တပ်တော် AA က တစ်ပတ်အတွင်း သိမ်းပိုက်လိုက်သည်။
ရက္ခိုင့်တပ်တော်အနေဖြင့် တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာ စခန်း ၂ ခုလုံးအား နိုဝင်ဘာလ ၁၄ ရက်ကစတင်၍ ရှေ့ဆင့်နောက်ဆင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုးစစ်ဆင်ပြီး ၂၁ ရက် အကြာ ဒီဇင်ဘာလ ၄ ရက်တွင် တရွန်အိုင်ဗျူဟာကုန်းအား သိမ်းပိုက်လိုက်ပြီး နောက် ၅ ရက်အကြာ ဒီဇင်ဘာလ ၁၀ ရက်တွင် နှုံးဘူးဗျူဟာ စခန်းကုန်းအား ထပ်မံသိမ်းပိုက်လိုက်ကြောင်း ယမန့်နေ့ ဒီဇင်ဘာလ ၁၁ရက်တွင် ရက္ခိုင့်တပ်တော်ကထုတ်ပြန်ထားသည်။
ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရန် ကျန်ရှိနေသေးသော “နှုံးဘူးဗျူဟာ” အား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်၊ ည ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့သည် ” ဟု ဆိုသည်။
ယင်းအပြင် နှုံးဘူးဗျူဟာမှူးအလောင်းအပါအဝင် ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းအများအပြားတို့အား သိမ်းဆည်းရမိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။
ရက္ခိုင့်တပ်တော်၏ နေ့စဥ်ထိုးစစ်အား စစ်ကောင်စီတပ်က လက်နက်ကြီးပါအဝင် လေကြောင်းကလည်း အပြင်း အထန်တိုက်ခိုက်ခဲ့သော်လည်း ဗျူဟာကုန်းအား သိမ်းယူနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
” ရန်သူသည် မိမိတို့၏တစ်ရက်မျှရပ်နားခဲ့ခြင်းမရှိသော ထိုးစစ်အား လက်နက်ကြီးများ၊ လေကြောင်းပစ်ကူအမြောက်အမြားဖြင့် အပြင်းအထန် ခုခံခဲ့သော်လည်း မိမိတို့က ၎င်းဗျူဟာကုန်းစခန်းအား မရရအောင် အပြင်း အထန်တိုက်ခိုက်ခဲ့ပြီးနောက် ရယူနိုင်ခဲ့ခြင်းဖြစ်သည် ” ဟု ဆိုသည်။
ထို့အပြင် တပိုင်းတစ သိမ်းပိုက်ရန်ကျန်ရှိနေသေးသော စခန်းများကိုလည်း ဆက်လက်သိမ်းပိုက်ရယူနိုင်ရေးအတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း AA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – AA Info Desk
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2711
Website – > https://thanlwinkhet.net/?p=6584