ရက္ခိုင့်တပ်တော်ကသိမ်းပိုက်ထားသော နှုံးဘူးဗျူဟာကို စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့်လာရောက်ပစ်ခတ်
**************************
မိခိုင်
ဒီဇင်ဘာ ၁၂၊ ၂၀၂၃။
ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ အကြီးဆုံး ဗျူဟာကုန်းများအား ရက္ခိုင့်တပ်တော်က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့်လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ ဒီဇင်ဘာ ၁၂ ရက် နေ့လယ် ၁နာရီကျော်ခန့်တွင် သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁၀ ရက်၊ ညအချိန်တွင် နှုံးဘူးဗျူဟာအား ရက္ခိုင့်တပ်တော်ကသိမ်းပိုက်လိုက်ကြောင်း ဒီဇင်ဘာလ ၁၁ ရက်တွင် ရက္ခိုင့်တပ်တော်က ထုတ်ပြန်လိုက်သည်။
ထိုသို့သိမ်းပိုက်ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၁၂ ရက်၊ နေ့လယ်တွင် စစ်ကောင်စီကဂျက်လေယာဥ်ဖြင့် ပစ်ခတ်နေ ခြင်းဖြစ်သည်။
” ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ စခန်းအချို့မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခြင်းအပြင် ဂျက်လေယာဉ် ၁ စင်းဖြင့် မိမိတို့ သိမ်းပိုက်ရယူထားသော “နှုံးဘူးဗျူဟာ” ပတ်ဝန်းကျင်သို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်” ထုတ်ပြန်ချက်က ဆိုသည်။
ယင်းအပြင် ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ အမ်း၊ မြေပုံမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်းတချို့မှ ယနေ့နံနက် ၈ နာရီဝန်းကျင်ကစ၍ လက်
နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း၊ လေ
ကြောင်း၊ ရေကြောင်းများဖြင့်လည်းကောင်း ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများတွင်လည်း ဒရုန်း ၊ ဂျက်တိုက်လေယာဥ်၊ Navy အထိုင်ချ တပ်စခန်းများမှလည်း စဥ်ဆက်မပြတ် ပစ်ခတ်လျက်ရှိသည်။
စစ်ကောင်စီတပ်၏ ပလက်ဝမြို့နယ်တွင်းရှိ အကြီးဆုံးဗျူဟာကုန်း ၂ ခု ဖြစ်သည့် တရွန်အိုင်ဗျူဟာ နှင့် နှုံးဘူးဗျူဟာအား ရက္ခိုင့်တပ်တော် AA က တစ်ပတ်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်။
ဓာတ်ပုံ – AA Info Desk
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2712
Website – > https://thanlwinkhet.net/?p=6588