လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲစခန်းကို ကရင်နီပူးပေါင်းတပ်များသိမ်းပိုက်
*********************************
သံလွင်ခက်
ဒီဇင်ဘာ ၁၁ ၊ ၂၀၂၃ ။
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ စစ်ကောင်စီရဲ့ ပြည်နယ်ရဲစခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်း တပ်များက သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီတပ်မတော် KA ရဲ့ စစ်ရေးချုပ် ဗိုလ်မှူကြီးဘုန်းနိုင်က ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၄၀ ဝန်းကျင်ရှိ အဆိုပါရဲစခန်းကို ဒီဇင်ဘာလ ၉ ရက် ညပိုင်းမှာ ပူးပေါင်းတပ် တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်၊ ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
” အခုရဲစခန်းကို ကျွန်တော်တို့ သိမ်းလိုက်ပြီဆိုတော့ သူတို့ကျန်မှာက ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း၊ တိုက် ၆ လုံး၊ ဆေးရုံကုန်း အဲဒီ၃ ၊ ၄ နေရာလောက်ပဲ ကျန်တော့တယ် “လို့ ဗိုလ်မှူးကြီးဘုန်းနိုင် က ပြောပါတယ်။
လွိုင်ကော်မြို့ထဲ အထက်ဖော်ပြပါနေရာတွေနဲ့အနီးအနားဝန်းကျင်တွေမှာ အင်အား ၅၀ ဝန်းကျင်ရှိတဲ့ အစုအဖွဲ့ တွေသာရှိပြီး ကျန်နေသေးတဲ့ လွိုင်ကော်မြို့ တပ်ရင်းဌာနချုပ်တပ်ရင်းတွေမှာလည်း အင်အားသိပ်မရှိတော့ဘူးလို့ ဗိုလ်မှူးကြီး ဘုန်းနိုင် ကပြောပါတယ်။
လွိုင်ကော်မြို့ပေါ်ကနေရာတွေ တစ်ခုပြီးတစ်ခုသိမ်းပိုက်ခံနေရတဲ့ စစ်ကောင်စီက စစ်ရေးပစ်မှတ်တွေသာမကပဲ အရပ်သားပစ်မှတ်တွေကိုပါ လက်နက်ငယ်တွေနဲ့ပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံး ကြဲပစ်ခတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။
ဒါကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေနဲ့ နေအိမ်အဆောက်အအုံများစွာ ပျက်စီးနေပြီး ပြည်သူတွေအနေနဲ့လည်း မြို့ထဲကို ပြန်ဝင်တာမျိုးမပြုလုပ်ကြသေးဖို့ ကရင်နီကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။
ဓာတ်ပုံ – PKPF
**********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2686