![]()
မူယန်း/မတ်လ ၁၀။ ပုံစာ – Falam မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူအချို့ (Photo: ICA)
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ၅ လတာကာလအတွင်း စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၂,၅၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း ချင်းရေးရာ အဖွဲ့ အချက်အလက်များအရ သိရသည်။
စစ်ကော်မရှင်သည် ချင်းညီနောင်အဖွဲ့များ သိမ်းယူထားသည့် ဖလမ်းမြို့နှင့် ဆူရ်ဘုန်လေဆိပ်ကို ပြန်လည်ရယူရန်အတွက် ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်မှစတင်ကာ အင်အား ၁,၀၀၀ ခန့်ဖြင့် စစ်ကြောင်းလေးကြောင်းခွဲ၍ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ၅ လတာအတွင်း စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှု ၂,၅၀၀ ကျော်တွင် ဒရုန်းဖြင့် ဗုံးကြဲခြင်းနှင့် အသေခံဒရုန်းများ အသုံးပြုခြင်းတို့ ပါဝင်ခဲ့သည်။
စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ဒရုန်းဗုံးကြဲတိုက်ခိုက်မှုများသည် ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များအပေါ် အဓိကခြိမ်းခြောက်မှုဖြစ်စေသည့် အကြောင်းရင်းဖြစ်လာသည်။
အထူးသဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှောင်းပိုင်းမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း လေကြောင်းတိုက်ခိုက်မှုများ ပြင်းထန်လာချိန်တွင် တပ်ဖွဲ့ဝင်များ၏ ထိခိုက်မှုနှုန်း မြင့်တက်လာခဲ့သည်။
လက်ရှိမှတ်တမ်းများအရ တော်လှန်ရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၄၂ ဦးကျော် ကျဆုံးခဲ့ပြီး ၁ ရာကျော် ဒဏ်ရာရခဲ့သည်ဟု ချင်းရေးရာ အချက်အလက်များက ဖော်ပြသည်။
ထို့အပြင် စစ်ကော်မရှင်၏ တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ အနည်းဆုံး ၁၅ ဦးကျော်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုများကြောင့် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေးနှင့် ကျန်းမာရေးအဆောက်အအုံ စုစုပေါင်း ၆၀ ကျော် ပျက်စီးခဲ့ရသည်။
တဖက်တွင်လည်း ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများအတွင်း စစ်ကော်မရှင်တပ်သား ၂၀၀ ကျော် သေဆုံး၊ ၂၅၀ ကျော် ဒဏ်ရာရရှိကာ ၄၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်ကော်မရှင်တပ်သည် အဓိကလမ်းမကြီးများကို အသုံးမပြုရဲဘဲ ကျေးရွာချင်းဆက်လမ်းများကို အသုံးပြုကာ ကျေးရွာများအတွင်း ဝင်ရောက်မွှေနှောက်ဖျက်ဆီးမှုများ ပြုလုပ်နေသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
ကလေး-သိုင်းငင်းနှင့် ကလေး-ဝေဘူလလမ်းတစ်လျှောက်ရှိ တီးတိန်နှင့် ဖလမ်းမြို့နယ်အတွင်းမှ ကျေးရွာပေါင်း ၃၄ ရွာမှ ဒေသခံပြည်သူများသည် တောတောင်များနှင့် ဝေးလံသောကျေးရွာများတွင် ခိုလှုံနေကြရသည်။
အမေရိကန် အခြေစိုက် ချင်းရေးရာ သုတေသနအဖွဲ့ ICA ၏ အချက်အလက်များအရ ဖလမ်းမြို့နယ်အတွင်း နေထိုင်သူ ၈၅ ရာခိုင်နှုန်းကျော်မှာ စစ်ဘေးရှောင်နေကြရပြီး အရေးပေါ် အကူအညီများ လိုအပ်နေသည်။
ICA က လက်ရှိအခြေအနေများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အာရုံစိုက်မှုနှင့် အရေးယူဆောင်ရွက်မှုများ မဖြစ်မနေ လိုအပ်နေကြောင်း တိုက်တွန်းထားသည်။
#စစ်ကော်မရှင် #ဖလမ်းမြို့ #၅လအတွင်း #အကြိမ်၂၅၀၀ကျော် #လေကြောင်းတိုက်ခိုက် #ThanLwinKhetNews
