![]()
သံလွင်ခက်/မတ်၁၀။ REF/Photo: Khaosod News
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်ကာ ဓားဖြင့်ခြိမ်းခြောက် အဓမ္မပြုကျင့်ခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးကို ပြစ်မှုကျူးလွန်ပြီး နာရီပိုင်းအတွင်း သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
အခင်းဖြစ်ပွားမှုမှာ မတ်လ ၉ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်ဝန်းကျင်တွင် ချင်းမိုင်မြို့၊ ချန်ကလန် (သ Klan) ရပ်ကွက်၊ ချရိုအင်ပရာတက်လမ်းရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါအမျိုးသားသည် မိန်းကလေးငယ်၏ မိခင် အိမ်ပြင်ထွက်သွားချိန်ကို စောင့်ကြည့်၍ အိမ်အတွင်းသို့ ဝင်ရောက်ကာ အိမ်ရှိဓားဖြင့် ခြိမ်းခြောက်၍ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

REF/Photo: Khaosod News
တိုင်ကြားချက်အရ ချင်းမိုင်ရဲတပ်ဖွဲ့သည် CCTV မှတ်တမ်းများကို စစ်ဆေးကာ လိုက်လံရှာဖွေခဲ့ရာ ည ၉ နာရီအချိန်တွင် အခင်းဖြစ်ပွားရာအိမ်ဘေးရှိ လူမနေသော မြေကွက်လပ် မြက်တောအတွင်း ပုန်းအောင်းနေသည့် တရားခံဟု ယူဆရသူ အသက် ၃၃နှစ်အရွယ် မစ္စတာယူးဆွဖ် (Mr. Yusuf)ဆိုသူ ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းဝတ်ဆင်ထားသည့် အပြာရောင်လက်တိုအင်္ကျီနှင့် ဘောင်းဘီရှည်မှာ CCTV မှတ်တမ်းပါ အဝတ်အစားများနှင့် ထပ်တူညီသည့်အပြင် ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ဓားတစ်ချောင်းကိုပါ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးစဉ်အတွင်း တရားခံမှာ ရုန်းကန်ခဲ့သဖြင့် လဲကျကာ ကျောက်ခဲနှင့်တိုက်မိ၍ ညာဘက်မျက်လုံးအနီးတွင် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

REF/Photo: Khaosod News
ချင်းမိုင်မြို့မရဲစခန်းမှူး ရဲမှူးကြီး ပရာ့ချ်ယာ သစ်ထလာ (Pol. Col. Prachya Thitthala) ၏ ပြောကြားချက်အရ တရားခံသည် ယခင်က ထိုအိမ်ဘေးတွင် အလုပ်သမားအဖြစ် လုပ်ကိုင်ခဲ့ဖူးသူဖြစ်ပြီး မိန်းကလေးငယ်ကို စွဲလမ်းကာ ဆက်သွယ်ရန်လိပ်စာ တောင်းဆိုဖူးသူဖြစ်ကြောင်း သိရသည်။ ၎င်းသည် အလုပ်မှထွက်သွားပြီးနောက် လူမနေသည့် ဘေးအိမ်တွင် ခိုးယူတည်းခိုကာ မိန်းကလေးငယ်၏ သွားလာမှုကို အမြဲစောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ရဲတပ်ဖွဲ့သည် မစ္စတာယူးဆွဖ်ကို လက်နက်အသုံးပြု၍ အကြမ်းဖက်ခြိမ်းခြောက်ကာ မုဒိန်းမှုကျူးလွန်ခြင်းနှင့် နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်ခြင်း ပုဒ်မများဖြင့် အမှုဖွင့် တရားစွဲဆိုထားပြီး ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း သိရှိရသည်။
#chiangmai #ဓားထောက်အဓမ္မပြုကျင့်မှု #မြန်မာအမျိုးသားတစ်ဦး #ThanLwinKhetNews
