![]()
သံလွင်ခက်/မတ် ၁၀။ ဓါတ်ပုံ – မိထ္ထီလာခရိုင် သတင်းနှင့်ကြော်ငြာပုံရိပ်များ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်၊ အောင်ချမ်းသာ (၂) လမ်း၌ ယနေ့ (မတ်လ ၁၀ ရက်) တွင် ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၆ လုံး ဆုံးရှုံးပြီး ဒေသခံ ၃၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ဒေသတွင်း သတင်းရင်းများက တဆင့် သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့် မိတ္ထီလာခရိုင်နှင့် မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ် ၆ စီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ရာ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မီးကို ထိန်းချုပ်ငြိမ်းသတ်နိုင်ခဲ့သည်။

ဓါတ်ပုံ – မိထ္ထီလာခရိုင် သတင်းနှင့်ကြော်ငြာပုံရိပ်များ
မီးလောင်မှုနှင့် ပတ်သက်၍ မိတ္ထီလာဒေသခံ ကိုဝေယံက “ဝါယာရှော့ဖြစ်တာလို့ အကြမ်းဖျင်း သိထားပါတယ်။ လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး” ဟု သံလွင်ခက်သို့ ပြောသည်။


ဓါတ်ပုံ – မိထ္ထီလာခရိုင် သတင်းနှင့်ကြော်ငြာပုံရိပ်များ
မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် မိသားစုဝင် ၃၈ ဦးအား လက်ရှိတွင် မိတ္ထီလာ အလက (၁) ကျောင်းခွဲ၌ ယာယီနေရာချထားပေးထားသည်။
လက်ရှိအချိန်တွင် မီးဘေးသင့်ပြည်သူများအတွက် စောင်၊ ခြင်ထောင်နှင့် ခေါင်းအုံးများ၊ ထမင်းဘူးနှင့် စားသောက်ကုန်ပစ္စည်းများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

ဓါတ်ပုံ – မိထ္ထီလာခရိုင် သတင်းနှင့်ကြော်ငြာပုံရိပ်များ
#မိတ္ထီလာမြို့ #ဝါယာရှော့ဖြစ် #အိမ်၆လုံး #မီးလောင် #ThanLwinKhetNews
