![]()
ခင်သရဖီဦး / မတ် ၉
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကြွေချိုင်ကျေးရွာတွင် စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး အခြားကလေးငယ် နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မတ် ၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ကြွေချိုင်ကျေးရွာအနီး ပင်လယ်ကမ်းစပ်၌ တွေ့သော စစ်ကျန် RPG ဗုံးသီးတစ်လုံးကို ကလေးငယ်များက ကောက်ယူဆော့ကစားရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဂွဒေသခံတစ်ဦးက ဆိုသည်။
“ကလေး ၃ ယောက်က ပင်လယ်ပြင်မှာတွေ့တဲ့ ဗုံးသီးကို ကွဲ၊ မကွဲ သိချင်လို့ ထုကြည့်ပြီး ဆော့နေကြတာကနေ အခုလို ပေါက်ကွဲသွားတာပါ။ နောက်ထပ် နှစ်ယောက်ကလည်း ဒဏ်ရာတွေ တော်တော်ပြင်းထန်တယ်” ဟု ၎င်းက ပြောသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့သည်။
ကျန်ကလေးငယ် နှစ်ဦးမှာလည်း ခန္ဓာကိုယ်အနှံ့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိထားပြီး စိုးရိမ်ရသည့် အခြေအနေရှိနေသည်ဟု ဆိုသည်။ ဒဏ်ရာရသည့် ကလေးငယ်များကို လက်ရှိတွင် နီးစပ်ရာ ဆေးခန်းများ၌ အရေးပေါ် ဆေးကုသမှု ပေးလျက်ရှိကြောင်း သိရသည်။ အာရက္ခတပ်တော် အနေဖြင့်လည်း ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် စစ်ကျန်မိုင်းများနှင့်ပတ်သက်သည့် အသိပေးမှုများ ပြုလုပ်လျက်ရှိသည်။
ထို့အပြင် မိုင်းရှင်းလင်းရေးများကိုလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း ပြောဆိုထားသည်။ သို့သော်လည်း ရခိုင်တွင် ထိုသို့ စစ်ကျန်မိုင်းနှင့် လက်နက်များကို ဒေသခံများက မကြာခဏ တွေ့ရှိကာ ၎င်းတို့ကို နေအိမ်သို့ ယူဆောင်ဆော့ကစားခြင်း၊ ထုခွဲခြင်းများကြောင့် ပေါက်ကွဲမှုများ ရှိနေပြီး ဒေသခံများ ထိခိုက်သေဆုံးမှုများမှာလည်း မြင့်တက်လျက်ရှိသည်။
#ဂွမြို့နယ် #နှစ်ဦးပြင်းထန်ဒဏ်ရာရ #ကလေးငယ်တစ်ဦးသေဆုံး #ThanLwinKhetNews
