![]()
သံလွင်ခက်/မတ် ၉။
ယင်းမာပင်ခရိုင် တပ်ရင်း (၂၀) မှ တပ်ရင်းမှူး ရန်ရှင်းအောင်နှင့် အပေါင်းအပါများ ကျူးလွန်ခဲ့သည်ဟု ဆိုသော အဓမ္မပြုကျင့်မှုဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ထိရောက်စွာ အရေးယူပေးရန် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၄၉ ဖွဲ့က ယနေ့တွင် စုပေါင်းတိုက်တွန်းချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အဓိကအချက် (၃) ချက်ကို အလေးပေးတောင်းဆိုထားပြီး တော်လှန်ရေးအဖွဲ့အစည်းများအတွင်း တရားစီရင်ရေးကဏ္ဍနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးရေးမူဝါဒများကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန် ဖိအားပေးထားသည်။
ထုတ်ပြန်ချက်အရ တပ်ရင်းမှူး ရန်ရှင်းအောင်၊ မုဒိန်းမှုကျူးလွန်သူနှင့် ပါဝင်ပတ်သက်သူအားလုံးကို တော်လှန်ရေးအဖွဲ့အစည်းများ၏ တရားစီရင်ရေးစနစ်အရ အမြန်ဆုံး စုံစမ်းစစ်ဆေး အရေးယူရန် တောင်းဆိုထားသည်။
လိုအပ်ပါက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ် ဖွဲ့စည်း၍ ဆောင်ရွက်ရန်လည်း အကြံပြုထားသည်။
လက်ရှိတွင် နစ်နာသူ အမျိုးသမီးနှင့် ၎င်း၏ မိသားစု (အမျိုးသားနှင့် သမီးငယ်) တို့မှာ တပ်ရင်း၏ ဖိအားပေးမှုများအောက်တွင် ရှိနေနိုင်သဖြင့် ၎င်းတို့ကို ဘေးကင်းလုံခြုံသည့် နေရာသို့ အမြန်ဆုံး ရွှေ့ပြောင်းစောင့်ရှောက်ပေးရန် အဖွဲ့အစည်းများက အလေးအနက် တောင်းဆိုထားသည်။
တော်လှန်ရေးကာလ (၅) နှစ်အတွင်း အမျိုးသမီးနှင့် ကလေးသူငယ်များအပေါ် ကျူးလွန်ခဲ့သော ဖြစ်စဉ်များကို ထိရောက်စွာ အရေးယူနိုင်ခဲ့ခြင်း မရှိသည့်အတွက် ယခုကဲ့သို့ ဖြစ်စဉ်များ ထပ်မံပေါ်ပေါက်လာရခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။
NUG အနေဖြင့် မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုးကိုမဆို ခွဲခြားဆက်ဆံခြင်းမပြုရေး မူဝါဒကို စာရွက်ပေါ်တွင်သာမက လက်တွေ့နယ်ပယ်တွင်ပါ အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဖော်ပြပါရှိသည်။
အဆိုပါ ထုတ်ပြန်ချက်တွင် လူ့အခွင့်အရေး ချိုးဖောက်မှု စောင့်ကြည့်အဖွဲ့စည်းများ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူများ၊ ဘာသာရေးနှင့် လူနည်းစုအခြေပြု အဖွဲ့အစည်းများ၊ သပိတ်ကော်မတီများ၊ ကျောင်းသားသမဂ္ဂ နှင့် လူငယ်အဖွဲ့အစည်းများ စုပေါင်းတောင်းဆိုထားကြသည်ကို တွေ့ရသည်။
ပုံစာ- တပ်ရင်းမှုုးရန်ရှင်းအောင်
#ယင်းမာပင်ခရိုင်တပ်ရင်း၂၀ #အဓမ္မပြုကျင့်မှုဖြစ်စဉ် #တရားမျှတမှုဖော်ဆောင် #အရပ်ဘက်အဖွဲ့အစည်း #တောင်းဆို #ThanLwinKhetNews
