![]()
သံလွင်ခက် /မတ် ၉
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ကလယ်လွီထူးခရိုင်အတွင်း စစ်ကော်မရှင်တပ်၏ စစ်ဆင်ရေးကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၃၀ ကျော် သေဆုံးခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက်တွင် စစ်ကော်မရှင်တပ် ခမရ (၂၆၄) နှင့် ပူးပေါင်းစစ်ကြောင်းများသည် လယ်ဒိုမြို့နယ်၊ ထီးပုလုကျေးရွာအုပ်စုအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။ ၎င်းစစ်ဆင်ရေးအတွင်း စစ်ကော်မရှင်ဘက်က ဒရုန်းနှင့် ဂျက်ဖိုက်တာများအသုံးပြု၍ ထီးပုလုအုပ်စုရှိ ကျောင်းကုန်းနှင့် ဒလဆိပ်ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုလည်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်က အတည်ပြုဖော်ပြထားသည်။

အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၆ နှစ်မှ ၆၀ အကြားရှိ အမျိုးသမီးနှင့် မိန်းကလေးငယ် ၁၇ ဦး သေဆုံးခဲ့ရပြီး အသက် ၇ နှစ်မှ ၅၅ နှစ်အကြားရှိ အမျိုးသားနှင့် ယောက်ျားလေးငယ် ရှစ်ဦး၊ စုစုပေါင်း ၂၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ထိုနေ့မှာပင် စစ်ကော်မရှင်စစ်ကြောင်းသည် ထီးပုလုကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရွာသားအများအပြားကို ဖမ်းဆီးခဲ့ပြီး အသက် ၃၅ နှစ်မှ ၅၃ နှစ်အတွင်းရှိ အမျိုးသား ငါးဦးကို သတ်ဖြတ်ခဲ့သည်။ ဒေသခံများ၏ ပြောဆိုချက်အရ စစ်ကော်မရှင်တပ်သည် ရွာသား ၁၆၀ ခန့်ကို ကျေးရွာစာသင်ကျောင်းအတွင်း၌ လူသားဒိုင်းအဖြစ် ဖမ်းဆီးချုပ်နှောင်ထားကြောင်း သိရသည်။

