![]()
အက်သားရီ၊ မူယန်း
မတ် ၉
ရှမ်း ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်းတွင် စစ်ကော်မရှင်တပ်၏ လက်နက်ကြီးနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် ဒေသခံများ အရေးပေါ် တိမ်းရှောင်နေရသော်လည်း စက်သုံးဆီပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်မားမှုတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ ကြန့်ကြာနေသည်ဟု သိရသည်။
ပြီးခဲ့သည့် မတ် ၇ ရက်နှင့် ၈ ရက်တို့တွင် စစ်တပ်က လက်နက်ကြီးများနှင့် ဒရုန်းအသုံးပြု၍ မီးလောင်ဗုံးများဖြင့် ကျေးရွာများအတွင်းသို့ ပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်မှုသည် နေ့လယ်ပိုင်းတွင်သာမက နံနက်အစောပိုင်း လူအိပ်ချိန် ၂ နာရီအချိန်များတွင်ပါ ဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ကြရသည်။

“ကယ်ဆယ်ရေးကားတွေက နှစ်ရက်တိုင်တိုင် နေရာ ပြောင်းရွှေ့ရေးအတွက် ကူညီလုပ်ပေးနေပေမဲ့ မကုန်သေးဘူးပေါ့နော်။ စက်သုံးလောင်စာဆီ တော်တော်လေး အခက်အခဲ ရှိနေတော့ ကျနော်တို့ ကား နှစ်စီးပဲ လွှတ်ထားတယ်” ဟု နွေဦးရောင်ခြည် စစ်ရှောင်ကူညီကယ်ဆယ်ရေးမှ တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
လက်ရှိတွင် ရှမ်း-ကရင်နီနယ်စပ်ဒေသ၌ စက်သုံးဆီတစ်လီတာလျှင် မြန်မာကျပ်ငွေ တစ်သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်နေခြင်းကြောင့် စစ်ရှောင်ကူညီရေးအဖွဲ့များအတွက် ခရီးစဉ်ရွှေ့ပြောင်းမှုများတွင် ကြီးမားသော စိန်ခေါ်မှု ဖြစ်နေသည်ဟု ဆိုကြသည်။
ယခုအခါ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်ပြည်သူ ၃၂၀ ဦးခန့် ရှိနေပြီး ယာယီနေထိုင်ရန် ပြန်လည်နေရာချထားရေးနှင့် အခြေခံအဆောက်အအုံ ပစ္စည်းများလည်း အရေးပေါ်လိုအပ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
စစ်ကော်မရှင် စစ်ကြောင်းနှင့် မနီးသည့် အချို့ကျေးရွာများတွင်လည်း လက်နက်ကြီးနှင့် ဒရုန်းပစ်ခတ်မှုကို စိုးရိမ်သောကြောင့် သက်ကြီးရွယ်အို၊ အမျိုးသမီးများ၊ ကလေးငယ်များနှင့် ပစ္စည်းများကိုသာ အရင် ရွှေ့ပြောင်းထားကြသည်ဟု လွယ်ဝိုင်းစစ်ရှောင်စခန်းရှိ တာဝန်ခံတစ်ဦးက ဆိုသည်။
ပုံစာ – စစ်ကြောင်း အဝေးတနေရာသိူ့ စစ်ရှောင်ပြည်သူ ရွှေ့ပြောင်းနေပုံ
Photo – ပေးပို့
