မုန်းဒေသရှိ တပ်စခန်းအားလုံး သိမ်းပိုက်ရရှိဟု KNU ထုတ်ပြန်
******************************
သံလွင်ခက်
ဒီဇင်ဘာ ၄ ၊ ၂၀၂၃။
KNU − ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ နယ်မြေဖြစ်သည့် ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး(မုန်း)မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့တွင် ထုတ်ပြန်သည်။
မုန်းမြို့ပေါ်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ −၅၉၉၊ ခမရ−၅၉၀၊ မြို့မ ရဲစခန်းနှင့် တံတားထိပ်ဂိတ်စခန်းတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များနှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၂ ရက်၊ ည ၁၁ နာရီ ၄၀ အချိန်က စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၄ ရက်၊ ညနေ ၅ နာရီခွဲအချိန်တွင် အဆိုပါ စခန်းများအားလုံးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု KNU က ထုတ်ပြန် ထားသည်။
အဆိုပါစခန်းများရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူလူထုနေထိုင်သည့် ကျေးရွာများနှင့် လုပ်ငန်းခွင် များသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အတွက် ယင်းတပ်စခန်းများကို သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
KNLA ပူးပေါင်းတပ်တွေက မုန်းဒေသရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို တပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းသာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲမျိုး မဟုတ်ဟု KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။
” ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီတပ်စခန်းတွေနဲ့ လုံခြုံရေးဂိတ်တွေအပြင် ရဲစခန်းတွေကိုပဲဖြစ်ပါတယ်။ မြို့သိမ်းဖို့အတွက်မဟုတ်တဲ့အပေါ်မှာ လက်ရှိကတော့ မြို့ကတော့ ဒီအတိုင်းပဲရှိနေတယ်လို့ ပြောလို့ရပါတယ် ” ဟုပြောသည်။
တပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်များ အသုံးပြု ၍ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ထက်မနည်းတိုက်ခိုက်ခဲ့ပြီး အနီးဝန်းကျင်ရှိ တပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်လျက်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
KNU အနေဖြင့် ဒေသခံများကို တိုက်ပွဲမစတင်ခင်ကပင် ကြိုတင်အသိပေးမှုများလုပ်ဆောင်ခဲ့သဖြင့် သံလွင်ခက်က ဆက်သွယ်မေးမြန်းခဲ့သည့် ဒီဇင်ဘာ ၄ ရက် မနက်ပိုင်းအချိန်ထိ အရပ်သား ထိခိုက်သေဆုံးမှုမရှိသေးဟု KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောသည်။
၎င်းက ” အရပ်သားပြည်သူနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဘက်က ကြိုတင် အသိပေးပြီးတိမ်းရှောင်ခိုင်းထားတဲ့အတွက် ထိခိုက်ဒဏ်ရာတစုံတရာတော့ လောလောဆယ် မရှိသေးဘူးလို့ ပြောလို့ရပါတယ် ” ဟုဆိုသည်။
စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေစဉ်အတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုများ ရှိခဲ့ပြီး စစ်ကောင်စီတပ်က တပ်ရင်းမှူး အဆင့်အပါအဝင် အများအပြား လက်နက်ချ အညံ့ခံခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
Photo – KNU
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2630
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6497