တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာ ၂ ရွာကို စစ်ကောင်စီမီးရှို့
*********************
မိခိုင်
ဒီဇင်ဘာ ၄၊ ၂၀၂၃။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရဲရိုးပြင်ကျေးရွာနှင့် ခမောင်းတောကျေးရွာတွင်းကို စစ်ကောင် စီ ခလရ ၂၇၀ တပ်ရင်းဝင်ရောက်လာကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ပြီး နေအိမ်များကိုလည်း မီးရှို့ခဲ့သည်ဟု သိရသည်။
ယမန်နေ့မွန်းလွဲ ၂ နာရီကျော်တွင် ရွှေမင်းဂံဆိပ်ကမ်းမှ ရဲရိုးပြင်ကျေးရွာသို့ စစ်ကောင်စီတပ်က တက်လာပြီး စတင်မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံ ၁ ဦးက ပြောသည်။
” စစ်သား ၄၀ လောက်တက်လာတယ်။ တက်လာတာနဲ့ လက်နက်ငယ်တွေ တရပ်စပ်ပစ်ပြီးတော့မှ တက်လာ တာ။ နောက်ပြီး အဝတ်စတွေကို ဓါတ်ဆီလောင်ပြီး တစ်ခါတည်း မီးတိုက်တာပါ။ ရဲရိုးပြင်အရှေ့ဖက်ကို အရင်တိုက်တယ်။ ပြီးမှ ရွာနောက်ဖက်ကို တိုက်တာ”ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ မီးရှို့သည့်အတွက် ရဲရိုးပြင်ရွာက အိမ်ခြေ ၁၆၀ ရှိသည့်အနက် ၁၀၄ အိမ် ပါသွားကြောင်း သိရသည်။
ယင်းနောက် ညနေ ၄ နာရီဝန်းကျင်တွင် ခမောင်းတောကျေးရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် နေအိမ် ၅ အိမ် မီးလောင်ခဲ့ကြောင်း သိရသည်။
” ရွာတွေကို ရည်ရွယ်ချက်ချက်ရှိရှိ စစ်တပ်က လိုက်မီးတိုက်နေတာဖြစ်တယ်။ ဒေသခံတွေကတော့ သူတို့ကို မြင် တာနဲ့ စပြီး ထွက်ပြေးကြတယ်”ဟု ဒေသခံ ၁ ဦးက ဆိုသည်။
လက်ရှိတွင် ရဲရိုးပြင်၊ ခမောင်းဆိတ်စသည့်ကျေးရွာများက ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း စပါးထားကျေးရွာသား ၁ ဦးက ဆိုသည်။
” အခုက ခမောင်းတောလည် လူမရှိတော့ဘူး။ ရဲရိုးပြင်လည်း လူမရှိတော့ဘူး။ အိမ်စောင့်လောက်ပဲ ကျန်ခဲ့ကြတာ ရှိတယ်။ အနီးအနားက ရွာတွေကလည်း ပြေးသွားတယ်” ဟု ပြောသည်။
ကျွဲထိုး၊ အိုင်တင်၊ ကွမ်းတောင် စသည့် ကျေးရွာများက လူဦးရေထောင်ချီလည်း ဘေးလွတ်ရာနေရာများဆီ တိမ်းရှောင်နေကြရကြောင်း သိရသည်။
တက်ကြွလှုပ်ရှားသူ ၁ ဦးကတော့ ” စစ်တပ်က စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာက ရခိုင်တစ်ခုတည်းမှာသာ မဟုတ်တော့ဘူး။၊ စကစ က တစ်နိုင်ငံလုံးမှာ လုပ်နေတာဖြစ်တယ်။ ဒါကို ကျွန်တော်တို့ သေချာမှတ်တမ်း ယူထားပါမယ် “ဟု ဆိုသည်။
ရက္ခိုင့်တပ်တော်ကလည်း ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ယခုကဲ့သို့သော စစ်ရာဇဝတ်မှုကျူးလွန်နေသည့် မှတ်တမ်းများကို ရဲရဲဝံ့ဝံ့အမိအရရိုက်ကူးမှတ်တမ်းတင်ထားပြီး နီးစပ်ရာရခိုင်ပြည်သူ့အစိုးရအဖွဲ့ဝင်များထံသို့ ပေးပို့ကြရန် တိုက်တွန်းလိုက်သည်ဟုလည်း ရက္ခိုင့်တပ်တော် က တောင်းဆိုထားသည်ကို တွေ့ရသည်။
ယခုဖြစ်စဥ်နှင့် ပတ်သတ်ပြီး ရက္ခိုင့်တပ်တော်၏ သတင်းထုတ်ပြန်ချက်တွင် “၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် “ရဲရိုးပြင်ကျေးရွာ”အား အကြမ်းဖက်စစ်ကောင်စီတပ်တစ်ခု ဖြစ်သော ခလရ ၂၇၀ တပ်ရင်းက တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းဝင်ရောက်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အပြစ်မဲ့ဒေသခံရွာသားတချို့အား ဖမ်း ဆီးခဲ့သည်။
ဒီဇင်ဘာလ ၃ ရက်၊ ညနေ ၄ နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် “ခမောင်းတောကျေးရွာ” အား ခလရ ၂၇၀ တပ်ရင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထပ်မံမီးရှို့ခဲ့သည်” ဟု ထုတ်ပြန်ထားသည်။
ယင်းအပြင် စစ်ကောင်စီတပ်သည် စပါးရိတ်သိမ်းနေသော တောင်သူ လယ်သမားများအား ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းကပစ်ခတ်တိုက်ခိုက်ခြင်း၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့ရှိ ဈေးများကိုမီးရှို့ခြင်း၊ ညအချိန်များတွင် ရပ်ရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ရပ်ရွာများကိုဗုံးကြဲခြင်း အစ ရှိသည့် စစ်ရာဇဝတ်မှုများကို အစီအစဉ်ချပြီး တစ်နေ့ထက်တစ်နေ့ ထပ်မံကျူးလွန်လျက်ရှိသည်ဟုလည်း ရက္ခိုင့် တပ်တော် က ဆိုသည်။
ရက္ခိုင့်တပ်တော်အနေဖြင့် ရခိုင်ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကိုဖျက်ဆီးခဲ့သည့် စစ်ကောင်စီ၏ တပ်ဖွဲ့၊ တပ်ရင်း၊ တပ်မများကို နေ့ရက်အလိုက် ဖြစ်စဉ်ဖြစ်ရပ်များဖြင့် စနစ်တကျ သေချာစွာ မှတ်တမ်းတင် ထားပြီး ၎င်းတို့အား အမြန်ဆုံး လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – AA Info Desk, Facebook
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2629
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6493