ရက်ပေါင်း ၂၀ ကြာမြင့်လာတဲ့ တရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျုဟာ ထိုးစစ်
**************************
မိခိုင်
ဒီဇင်ဘာ ၄ ၊ ၂၀၂၃။
ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီအခိုင်အမာအထိုင်ချထားသည့် တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာ စခန်း ကုန်း ၂ ခုအား ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ ရက်ပေါင်း ၂၀ ကြာမြင့်ခဲ့ပြီဖြစ်သည်။
အဆိုပါ ဗျူဟာကုန်းကြီး ၂ ခုစလုံးအား သိမ်းပိုက်ရရှိနိုင်ရန် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး စစ်ကောင်စီကလည်း အပြင်းအထန်ခုခံနေရသဖြင့် ခုခံစစ်အမြင့်ဆုံးအချိန်သို့ ရောက်ရှိလာကြောင်း ရက္ခိုင့်တပ်တော်က ယမန်နေ့ ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်သည်။
နိုင်ငံအနှံ့တိုက်ပွဲများကြောင့် ကြည်းတပ်အပေါ် အားကိုးအားထားမပြုနိုင်တော့သော စစ်ကောင်စီက လေကြောင်း အားကိုးဖြင့် ၁ ရက်တည်းမှာပင် ဂျက်လေယာဥ်ဖြင့် အကြိမ် ၃၀ ထိ ပစ်ခတ်ခဲ့ကြောင်း ရက္ခိင့်တပ်တော်က ဆိုသည်။
ရက္ခိုင့်တပ်တော်၏ထုတ်ပြန်ချက်တွင်လည်း ” ယနေ့ ၁ ရက်တည်းတွင်ပင် ရန်သူသည် ဂျက်တိုက်လေယာဉ်၊ Mi – 35 ၊ Y – 8 ၊ Y – 12 တို့ဖြင့် လေကြောင်းပစ်ကူ အကြိမ်အရေအတွက် ၃၀ ကျော်အထိရှိခဲ့သည်။
ညနေ ၆ နာရီ ၃၈ မိနစ်တွင် စစ်ကောင်စီသည် Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါသောဗုံးများ အသုံးပြုပြီး ဂျက်တိုက်လေယာဉ် ၁ စင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်” ဟု ဖော်ပြထားသည်။
ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကအမြင့်ဆုံးဖြစ်လာသလို ရန်သူ့ဘက်ကလည်း လေကြောင်းပစ်ကူ အများဆုံး အသုံးပြုခဲ့သောနေ့ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည့်အပြင် အဆိုပါ ဗျူဟာကုန်း ၂ ခုစလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်အရှိန်ဆက်လက်အရှိန်မြှင့်တင်သွားမည်ဟု ဖော်ပြထားသည်။
” စစ်ရေးအရ နိုင်ငံအနှံ့နေရာတိုင်းတွင် အထိနာနေသောစစ်ကောင်စီတပ်သည် ၎င်းတို့အထိနာတိုင်း ပြုလုပ်နေကျ လုပ်ရပ်များဖြစ်သော စစ်ဆင်ရေးပစ်မှတ်မဟုတ်သည့် အနီးအနားရှိ ပြည်သူများနေထိုင်ရာကျေးရွာများကို လေ ကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရပ်ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့အရပ်သား ပြည် သူများကို ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း စသည့်စစ်ရာဇဝတ်မှုများ တစ်ခုပြီးတစ်ခု ဆက်တိုက်ကျူးလွန်လျက်ရှိ သည်” ဟုလည်း ဖော်ပြထားသည်။
ဒီဇင်ဘာလ ၃ ရက်တွင် စစ်ကောင်စီတပ်သည် ပေါက်တောမြို့ကို ကြည်း၊ ရေ၊ လေ ပေါင်းပြီး အပြင်းအထန် ဗုံးကြဲတိုက်ခိုက်လျက်ရှိနေသည့်အတွက် ပေါက်တောမြို့တွင်းတိုက်ပွဲကလည်း အရှိန်မြှင့်လျက်ရှိသည်ဟု ရက္ခိုင့် တပ်တော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – AA Desk Info