ရခိုင်ပြည်နယ်တွင် လောင်စာဆီပြတ်လပ်လာ
*****************************************
မိခိုင်
ဒီဇင်ဘာ ၂၊ ၂၀၂၃။
ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့၏ တကျော့ပြန်တိုက်ပွဲများကြောင့် စစ်ကောင်စီက လမ်းပိတ်ဆို့ထားသည့်အတွက် လောင်စာဆီပြတ်လပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက စစ်တွေ – ရန်ကုန် ကားလမ်းမကြီးအား ပိတ်ထားခဲ့ခြင်း
ကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေခြင်းဖြစ်ကာ လောင်စာဆီများလည်း ပြတ်လပ်နေခြင်းဖြစ်သည်။
ပုဏ္ဏားကျွန်းနယ်ရှိ ဆန်စက်ပိုင်ရှင် ၁ ဦးက ” ဆီ ၁ တစ်လီတာကို ၁၃,၀၀၀ ထိ တက်နေတယ်။ ဆန်စက်ကလည်း မထိုးနိုင်တော့ဘူး” ဟု ၎င်းက ဆိုသည်။
စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ မင်းပြား စသည့် မြို့နယ်အားလုံးတွင် လောင်စာဆီ ပြတ်လပ်နေခြင်းဖြစ်သည်။
လောင်စာဆီပြတ်လပ်လာသည့်အတွက် လူမှုကူညီရေးအသင်းတချို့မှာလည်း ရပ်နားထားရကြောင်းသိရသည်။
သိုလှောင်ထားသည့် လောင်စာဆီများကိုလည်း စျေးအဆမတန်တင်ကာ ရောင်းချနေသည့်အတွက် တပိုင်တနိုင်လက်လုပ်လက်စားများ အလုပ်လက်မဲ့ဖြစ်နေကြောင်း ဆိုသည်။
စစ်တွေမြို့တွင် ဆိုင်ကယ်ကယ်ရီပြေးဆွဲနေသူ ၁ ဦးက ” အလုပ် မရှိတော့ဘူး။ စားဝတ်နေရေးကလည်း ကြပ်တည်းနေပြီ။ ၁ ရက်လုပ်စာ ၁ ရက်စားဆိုတော့ ပိုဆိုးတယ်။ အပိုငွေလည်း မရှိဘူး။ အပိုအလုပ်လည်း မရှိဘူး” ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက ကုန်းလမ်းရေလမ်း ဖြတ်တောက်ထားသည့်အတွက် ဒေသခံများအနေဖြင့် စားဝတ်နေရေး ကြပ်တည်းမှုများဖြင့် ရင်ဆိုင်နေကြရသည်။
ပုံစာ – စက်သုံးဆီဝယ်ယူရန် တန်းစီစောင့်ဆိုင်းနေကြသော ရခိုင်ပြည်သူများ။
ဓာတ်ပုံ – Facebook