သံလွင်ခက်
နိုဝင်ဘာ ၂၄ ၊ ၂၀၂၃ ။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ဦးဆောင်ပြီးဖော်ဆောင်နေတဲ့ ၁၀ ၂၇ စစ်ဆင်ရေးဟာ အချိန်တစ်လ မပြည့်ခင်အတောအတွင်းမှာပဲ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၂၅၀ ကျော်အထိကို သိမ်းပိုက်ရရှိထားတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ကိုးကန့်တပ်မတော် MNDAA ၊ ရက္ခိုင့်တပ်တော် AA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့က မဟာမိတ်တပ်တွေနဲ့ပူးပေါင်းကာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်မှာ ၁၀ ၂၇ စစ်ဆင်ရေးအဖြစ်
မြို့တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းကနေစခဲ့တဲ့ ၁၀ ၂၇ စစ်ဆင်ရေးဟာ အခုဆိုရင် ရခိုင်ပြည်နယ်အထိပါ ကျယ်ပြန့်လာပြီး ညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီတပ်စခန်း အများပြားကို သိမ်းပိုက်ထားနိုင်တာလည်း ဖြစ်ပါတယ်။
ရက္ခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ရဲ့ စခန်းကြီး/ငယ် ၄၀ ကျော် AA က သိမ်းပိုက်ရရှိထားပြီးဖြစ်သလို
တအာင်းပြည်နယ်မှာလည်း စစ်ကောင်စီတပ်ရဲ့ စခန်းကြီး/ငယ် ၅၀ ကို TNLA က သိမ်းပိုက်ရရှိထားပါတယ်။
ကိုးကန့်ဘက်မှာကတော့ နယ်စပ်မြို့တွေအပါအဝင် စစ်ကောင်စီတပ်ရဲ့ စခန်းကြီး/ငယ် ၁၆၀ ကျော်ကို MNDAA က သိမ်းပိုက်ရရှိထားပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စခန်းကြီး/ငယ် စုစုပေါင်း ၂၅၀ ကျော်နဲ့ ချင်းရွှေဟော်၊ သိန္နီ၊ မုံးကိုး၊ ကိုးကန့်၊ ပန်ဆိုင်း(ကြူးကုတ်)၊ နမ့်ခမ်း၊ မန်တုံ စတဲ့မြို့တွေကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
သိမ်းပိုက်ရရှိတဲ့စခန်းတွေဟာ စစ်ကောင်စီရဲ့ အရေးကြီးတဲ့ ဗျူဟာကုန်းတွေနဲ့ နယ်စပ်အခိုင်အမာစခန်းကြီးတွေပါ ပါဝင်တာကြောင့် တင့်ကား ၈ စီး၊ အတွဲလိုက်ပစ်ဒုံး၊ ဟောင်ဝေဇာအမြှောက်တွေအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းပစ္စည်းအမြောက်အများ သိမ်းဆည်းရမိခဲ့ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီဘက်က အလင်းဝင်လာတဲ့သူ ၁၀၀ ကျော်နဲ့ စစ်သုံ့ပန်းအဖြစ် ၃၀၀ ကျော်ဖမ်းဆီးရမိခဲ့သလို သေဆုံးသူ ၅၀၀ နီးပါ ရှိခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့တိုက်ခိုက်တာ လက်နက်ကြီးအသုံးပြု တိုက်ခိုက်တာတွေကြောင့် အရပ်သား ၆၀ ကျော်သေဆုံးခဲ့ပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၂၀၀ နီးပါလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
အလားတူ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ AA ၊ KIA ၊ PDF တွေပူးပေါင်းပြီးတော့ စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ပင်လယ်ဘူးမြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါပြင် ကရင်နီပြည်နယ်မှာလည်း KNPP တပ်နဲ့ PDF ပူးပေါင်းတပ်တွေက လွိုင်ကော်မြို့ထဲက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ စခန်းတွေနဲ့ လက်နက်ခဲယမ်းတွေ အများအပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
*******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2543
YouTube- > https://youtu.be/SpxIBpTYop8
Website – https://thanlwinkhet.net/?p=6375