ULA/AA နှင့်ဆက်စပ်သည်ဆိုကာ ရဲတပ်ဖွဲ့ဝင်များကို စစ်တပ်ကဖမ်းဆီးစစ်ဆေး
********************
မိခိုင်
နိုဝင်ဘာ ၁၀၊ ၂၀၂၃။
ရခိုင်ပြည်နယ်တွင် ULA/AA နှင့် ဆက်စပ်သည်ဟုဆိုကာ စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များအား ဖမ်းဆီးမှုများ ရှိလာနေသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ULA/AA နှင့် ဆက်စပ်သည်ဟုဆိုကာ အမ်းမြို့မစခန်းမှူးကို ဖမ်းဆီးခဲ့သေးသည်။
ယခုနှစ် နိုဝင်ဘာလ ၇ ရက်ကလည်း အမ်းမြို့တပ်ရင်းက စစ်သည်အင်အား ၁၀၀ ခန့်ပါသည့် ကား ၄ စီးဖြင့် အမ်းမြို့နယ်၊ တပ်တောင်ရဲစခန်းက စခန်းမှူးနှင့် ဒုရဲအုပ် ၁ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။
” ၆ ရက်နေ့က တပ်တောင်စခန်းမှူးနဲ့ ဒုရဲအုပ်ကို ဖုန်းဆက်တယ်လို့ပြောတယ်။ ရာထူးတိုးပေးဖို့အတွက်လို့ ပြော တယ်။ ရာထူးတိုးနဲ့ နေရာပြောင်းရွှေ့ရမယ်ဆိုပြီး အမ်းမြို့အခြေစိုက်တပ်ကနေ ဖုန်းဆက်ပြီး ၇ ရက်နေ့ မနက်ပိုင်း မှာ အင်အား ၁၀၀ လောက်ပါတဲ့ ကား ၄ စီးနဲ့ ဖမ်းသွားတာပါ ” ဟု အမ်းမြို့နယ်က တက်ကြွလှုပ်ရှားသူ ၁ ဦးက ပြောသည်။
ဖမ်းဆီးခံရသူများအား မည်သည့်နေရာတွင် ချုပ်နှောင်ထားကြောင်းကိုလည်း မသိရသေးဟု အမ်းမြို့နယ်ဒေသခံ ၁ ဦးက ဆိုသည်။
” အမ်းမြို့မစခန်းမှာလည်း မရှိဘူးလို့ သိရတယ်။ တပ်က တစ်နေရာရာမှာ ဖမ်းထားတာဖြစ်မယ်။ တပ်မနဲ့ တပ်တောင်စခန်းက ၂၂ မိုင်လောက်ဝေးတယ်။ သူတို့ကတော့ ရည်ရွယ်ချက်ရှိရှိ ဖမ်းသွားတာဖြစ်နိုင်တယ် “ဟု ၎င်းက ပြောသည်။
တစ်ဘက်တွင်လည်း ယခုကဲ့သို့ စခန်းမှူးများအားဖမ်းဆီးခြင်းမှာ ULA/AA နှင့် ဆက်စပ်သည်ဟု ယူဆသည့် အတွက် ဖမ်းဆီးခြင်းဖြစ်နိုင်သလို စစ်ရေးနှင့်ပတ်သက်သောသတင်းများ ပေါက်ကြားသည့်အတွက် ဖမ်းဆီးခြင်းလည်းဖြစ်နိုင်သည်ဟု အမ်းဒေသခံများက သုံးသပ်ကြသည်။
” အခု ဖမ်းဆီးတာက ULA / AAနဲ့ ပတ်သက်ပြီး ဖမ်းဆီးတာဖြစ်နိုင်သလို သတင်းပေါက်ကြားတာကြောင့်လည်း ဖြစ်နိုင်တယ်။ နောက်ပြီး အထက်ညွှန်ကြားချက်တွေကို မလိုက်နာတာကြောင့်လည်း ဖြစ်နိုင်တယ်။ တိတိကျကျ ပြောဖို့တော့ ခက်တယ်။ အရင်နှစ်က အမ်းစခန်းမှူးကိုဖမ်းခဲ့တာက AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းသွားတာ” ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် အမ်းဒေသခံများအနေဖြင့် တိုက်ပွဲပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေသည့်အပြင် မြို့သိမ်းတိုက်ပွဲများ ဖြစ်လာမည်ကိုလည်း စိုးရိမ်နေကြသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်ကစတင်ခဲ့သော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် TNLA ၊ MNDAA နှင့် AA တို့ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို “၁၀၂၇” စစ်ဆင်ရေးဖြင့် တိုက်ခိုက်လျက်ရှိနေသည်။
ယင်းအတွက် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့ခြင်း၊ လမ်းခရီးစစ်ဆေးမှုတင်းကြပ်ခြင်း၊ လက်နက်ကြီးစမ်းသပ်ခြင်းများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီက ယခုကဲ့သို့လုပ်ဆောင်နေခြင်းမှာ “၁၀၂၇” စစ်ဆင်ရေး၏ အကျိုးဆက်ဖြစ်ပြီး ယင်းစစ်ဆင်ရေးမှာ ရခိုင်ပြည်နယ်အထိ ကျယ်ပြန့်လာနိုင်ကြောင်းလည်း မြောက်ပိုင်း ၃ ဖွဲ့က သတိပေးချက်ထုတ်ပြန်ထားပါသည်။
ဓာတ်ပုံ- အမ်းမြို့သူ Facebook
*****
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2366
YouTube- > https://youtu.be/WgdGHpHYwlE
Website -> https://thanlwinkhet.net/?p=6154 (https://thanlwinkhet.net/?p=6154)