တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နမ္မတူမြို့ဝန်းကျင်ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့်ပစ်ခတ်
********************
ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၁၀၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့အနီးဝန်းကျင်ကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ဦးတည်ရာမဲ့ပစ်ခတ်နေသည်ဟု ဒေသခံများထံက သိရသည်။
နမ္မတူမြို့အနီးကို ယမန်နေ့ညနေ ၅ နာရီခန့်က မန်တုံနှင့် နမ္မတူမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းများက လက်နက်ကြီး ၁၀ နီးပါးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဦးတည်ရာမဲ့ပစ်ခတ်နေသောကြောင့် မန့်ပတ်ကျေး ရွာကို လက်နက်ကြီးကျည် ၂ လုံးကျ ရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံ ၁ ဦး က သံလွင်ခက် ကို ပြောသည်။
“ရမ်းပစ်နေတာထင်တယ်။ ၁၀ လုံးလောက်ပစ်တာကို ကျတဲ့နေရာတွေက မတူဘူးလေ။ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိမယ်အထင်နဲ့ မှန်းပစ်နေတာ။ သူတို့စိတ်ထဲမှာ ပြည်သူဆိုတာမရှိဘူး။ ထိချင်တဲ့လူထိ ပစ်နေတာပဲ” ဟု ပြောသည်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်ကလည်း လားရှိုးမြို့နယ်၊ မိုင်းတင်းကျေးရွာအုပ်စု၊ ဝိန်ထန်ရွာကို စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် စစ်ရှောင်ကလေးငယ် ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ – သံလွင်ခက်။
ပုံစာ – နမ္မတူမြို့။