ထီးချိုင့်မြို့တွင် စစ်ကောင်စီက လေကြောင်းကနေဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေ
********************************
သံလွင်ခက်
နိုဝင်ဘာ ၁၀၊ ၂၀၂၃ ။
ယမန်နေ့က စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် သံဃာတော်နှင့်အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှုရှိခဲ့သည့် ထီးချိုင့်မြို့၌ ယနေ့တွင်လည်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ၊ ပစ်ခတ်မှုများ ဆက် တိုက်ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။
ထီးချိုင့်မြို့တွင် ယနေ့နံနက်အစောပိုင်းကတည်းက တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက် မှုများ ဆက်တိုက်လုပ်ဆောင်နေခဲ့သည်ဟု ဒေသခံအမျိုးသား ၁ ဦးကပြောသည် ။
စစ်ကောင်စီက အရပ်သားပစ်မှတ်များကိုတိုက်ခိုက်နေသောကြောင့် မြို့က အလုံးစုံပျက်သုဥ်းသွားပြီ ဟု ထီးချိုင့် ပြည်သူ့ကာကွယ်ရေးတပ်က ဖော်ပြထားသည်။
” ယနေ့ တစ်မနက်တည်းတွင် အကြမ်းဖက်စစ်တပ်က ထီးချိုင့်မြို့ပေါ်အား ၅ ကြိမ်တိတိ တိုက်လေယာဉ်ဖြင့် ဗုံး ကြဲတိုက်ခိုက်မှုများ၊ မီးရှို့မှုများ၊ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်မှုများကြောင့် အလွန်အေးချမ်းသာယာခဲ့ သော ထီးချိုင့်မြို့ကြီးသည် အလုံးစုံပျက်သုဉ်းခြင်းသို့ရောက်ရှိသွားပြီဖြစ်သည် ” ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေး တပ်က ဖော်ပြထားသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် ထီးချိုင့်မြို့ကို ကာကွယ်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီးဖြစ်သည်ဟု ယနေ့ နံနက်ပိုင်းကတည်းက သတင်းတချို့ထွက်ပေါ်နေရာ အဆိုပါကိစ္စအား ဟုတ်မှန်ခြင်း ရှိ၊ မရှိမေးမြန်းခဲ့ရာ မဟုတ် မှန်သေးကြောင်း ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ညနေ ၃နာရီခန့်က ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ညနေ ၅ နာရီခန့်ကလည်း ” မြို့သိမ်းနိုင်ပြီ” ဆိုသည်မှာ သတင်းအမှားသာဖြစ်ပါသည်။ “သတင်း အမှား များ မဖြန့်ချီခြင်းဖြင့် ရဲဘော်များကိုကူညီပါ “ဟု ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်က မေတ္တာရပ်ခံစာထုတ်ပြန် ထားသည် ။
အဆိုပါထုတ်ပြန်ချက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇီးကုန်း၊ မြတောင်ရွာများအား စခန်းတည်ကာ လက် နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိသည်ဟု ဖော်ပြထားသည်။
ထို့ပြင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုကြောင့် လက္ခုပ်ပင်ရပ်ရှိအိမ်များ ပျက်စီးသွားသလို ယနေ့ ညနေပိုင်း တွင်လည်း စစ်လေယာဉ်ဖြင့် ထပ်မံပစ်ခတ်ဗုံးကြဲသွားသည်ဟု ဆိုသည် ။
ထီးချိုင့်မြို့တွင် ယမန်နေ့ကလည်း တစ်နေကုန်နီးပါး တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းကနေ ၅ ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာ ၁ ပါး နှင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ရသည်ဟု ဒေသ ခံအမျိုးသား ၁ ဦးကပြောသည် ။
ထိးချိုင့်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေသည့်မြို့ပေါ်နေရာများအထိ KIA ၊ AA ၊ ABSDF ၊ PDF စသည့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သဖြင့် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်ဟု ဒေသခံများ ကပြောသည် ။