ကွမ်းလုံမြို့အနီးရှိ စစ်ကောင်စီတပ်တွေကို MNDAA ဆက်လက်ထိုးစစ်ဆင်
*****************************
သံလွင်ခက်
နိုဝင်ဘာ ၁၀ ၊ ၂၀၂၃ ။
စစ်ရေးအရအချက်အချာကျတဲ့ ကွမ်းလုံမြို့ကို သိမ်းထားနိုင်တဲ့အပြင် မြို့အနီးတဝှိုက်မှာလည်း စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်နေတယ်လို့ ကိုးကန့်တပ်မတော် MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ဒီကနေ့ နိုဝင်ဘာ ၁၀ ရက်၊ နေ့လည်ပိုင်းမှာ ပြောပါတယ် ။
သံလွင်မြစ်အရှေ့ခြမ်းမှာရှိတဲ့ ကွမ်းလုံဒေသကို နိုဝင်ဘာလ ၂ ရက်နေ့ကတည်းက MNDAA က သိမ်းယူနိုင်ခဲ့တာဖြစ်ပြီး သံလွင်မြစ်အနောက်ခြမ်းက ကွမ်းလုံမြို့ကိုတော့ နိုဝင်ဘာ ၆ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာပါ ။
ကွမ်းလုံမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ ၄ရက်မြောက်နေ့၊ နိုဝင်ဘာလ (၉) ရက်၊ နေ့လည်ပိုင်းမှာပဲ မြို့ကို အပြီးသတ် အောင်မြင်စွာ သိမ်းပိုက်ပြီး ဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ် ။
ကွမ်းလုံမြို့ကို သိမ်းပိုက်နိုင်မှုနဲ့ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကတော့ မြို့ကိုသိမ်းထားနိုင်တယ်လို့ အတည်ပြုပြောပါတယ်။
” မြို့ကိုတော့ သိမ်းထားနိုင်ပါတယ်ဗျ ။ ဒါပေမယ့် ဒီမြို့တဝှိုက်မှာရှိတဲ့ စစ်ကောင်စီတွေကိုတော့ ကျွန်တော်တို့ Operation တွေ ဆက်လက်ဖော်ဆောင်နေပါတယ်ဗျ ” ။
ကွမ်းလုံမြို့ကို သိမ်းနိုင်ခဲ့တဲ့ မနေ့ နိုဝင်ဘာ ၉ ရက်မှာ ကိုးကန့်တပ်မတော် (MNDAA)နဲ့ မဟာမိတ်တပ်တွေဟာ ကိုးကန့်ခရိုင်၊ရှီးရှမ်းဒေသ ၊ တာရွှေထန်အုပ်စု ၊ နန်ကော်ရွာ နဲ့ ဖုန်းချွေရှမ်နေရာကြားရှိ ရှောက်ပယ်အိုင် စစ်ကောင်စီတပ်စခန်းတွေနဲ့ ကိုးကန့်တုန်းရှမ်းဒေသ ၊ ရှီယွင်ကြည်ရွာအနီး ဟဲ့ဟုတ်တောင် စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ် ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2355
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6144