မင်းပြားတိုင်းဗဟို ၉ က လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်
*************
မိခိုင်
နိုဝင်ဘာ ၉၊ ၂၀၂၃။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရှိ စစ်ကောင်စီ လေ့ကျင့်ရေးသင်တန်းကျောင်း၊ တိုင်းဗဟို ၉ က ယခုရက်ပိုင်း အတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုရှိနေကြောင်း ဒေသခံများထံက သိရသည်။
ထိုသို့ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် ယခင်ကတည်းကကျန်နေသေးသည့် မိုင်းများအပေါ်ကျရောက်ပေါက်ကွဲသဖြင့် ကျွဲ၊ နွား များထိခိုက်မှုရှိကြောင်း အိုးပုံတောင်ကျေးရွာသား ၁ ဦးက ပြောသည်။
” လက်နက်ငယ်သံတွေ မနက်ပိုင်းလောက်က ကြားရတယ်။ လက်နက်ကြီးပစ်တာကတော့ မနေ့ကတည်းကရှိ တယ်။ အခု ဖြစ်နေတာက အရင်ကတည်းက သူတို့ထောင်ထားတဲ့ မိုင်းတွေ အများကြီးရှိတယ်။ အဲဒီမိုင်းတွေနဲ့ ကျွဲ၊ နွားတွေ အမြဲသေတယ်။ အခုလည်း အဲဒီကပစ်တဲ့ လက်နက်ကြီးတွေက အရင်ကမိုင်းတွေကိုထိပြီး ပြန်ပေါက် တာပေါ့ ” ဟု ၎င်းက ဆိုသည်။
မင်းပြား တိုင်းဗဟို ၉ က ယခုကဲ့သို့ လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏပြုလုပ်လျက်ရှိနေပြီး ဒေသခံများ အနေဖြင့်လည်း ထိတ်လန့်မှုများရှိနေသည်ဟု ဒေသခံအမျိုးသမီး ၁ ဦးက ဆိုသည်။
” တိုက်ပွဲဖြစ်တာလားဆိုပြီးတော့ ကြောက်နေရတယ်။ တခါတလေ အသိပေးပြီးမှပစ်တာရှိသလို အသိမပေးဘဲနဲ့ လည်း ပစ်တယ် ” ဟု ၎င်းက ဆိုသည်။
မင်းပြား တိုင်းဗဟို ၉ အနီးဝန်းကျင်တွင် ကြာအင်းတောင်၊ ကမ်းနီ၊ ပုံတောင်၊ အုန်းပုန်း စသည့်ကျေးရွာများ ရှိနေ ပြီး လက်နက်ကြီးပစ်ခတ်မှုများကြောင့်ဒေသခံများအကြား စိုးရိမ်မှုရှိနေသည်ဟု သိရသည်။
ရခိုင်ပြည်နယ်ရှိ မင်းပြား၊ ပုဏ္ဏားကျွန်း၊ မောင်တောတို့တွင် စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လက်နက်ကြီး စမ်းသပ်ပစ်ခတ်မှုများအား နေ့စဥ်ပြုလုပ်နေသဖြင့် ဒေသခံများအနေဖြင့် တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုး ရိမ်နေကြသည်။
ဓာတ်ပုံ – Twitter