ပြည်သူထောက်ခံမှုအားကောင်းနေသည့် ၁၀ ၂၇ စစ်ဆင်ရေး၌ စစ်ကောင်စီစခန်း ၁၅၀ နီးပါးသိမ်းပိုက်ရရှိထား
**********************************
သံလွင်ခက်
နိုဝင်ဘာ ၈ ၊ ၂၀၂၃ ။
၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲလာသည့် (၁၂) ရက်မြောက်နေ့တွင် ရန်သူစစ်ကောင်စီ၏ စစ်သေနင်္ဂ ဗျူဟာအရ အရေးပါသော ဗျူဟာကုန်းများ၊ စခန်းကြီး၊ စခန်းငယ်များ၊ ကာကင်းများ၊ ရဲဘက်၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာစခန်းများ၊ ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်စခန်းများ အပါအဝင် တပ်စခန်းစုစုပေါင်း (၁၅၀) ခန့်အား သိမ်းပိုက်ရရှိထားပြီးဖြစ်သည်ဟု ညီနောင် မဟာမိတ်၃ဖွဲ့က သတင်းထုတ်ပြန်သည်။
ထို့ပြင် စစ်ဘက်ဆိုင်ရာလက်နက် ကြီးများဖြစ်သော သံချပ်ကာကားကြီး (၆) စီးနှင့် ဟောင်ဝစ်ဇာလက်နက်ကြီးများကိုပါ သိမ်းဆည်းရရှိခဲ့သည်ဟုဖော်ပြထားသည် ။
ရှမ်းမြောက်ရှိ မြို့များနှင့် စစ်ကောင်စီတပ်စခန်း အများအပြားကို သိမ်းပိုက်နိုင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၏ ၁၂ ရက် မြောက်နေ့ဖြစ်သည် နိုဝင်ဘာ ၇ ရက်တွင်လည်း ညီနောင်မဟာမိတ် (၃) ဖွဲ့သည် စစ်ဆင်ရေးပစ်မှတ်များထဲမှ ရန်သူ့တပ်စခန်း အချို့အားဆက်လက်သိမ်းပိုက်ရရှိခဲ့သည်။
ယမန်နေ့ နိုဝင်ဘာလ (၇) ရက်တွင် ကိုးကန့်တပ်မတော် (MNDAA) သည် ကိုးကန့်၊ တုန်းရှမ်းဒေသရှိ ရန်သူစစ်ကောင်စီ၏ “ပန်းဝါစခန်း” ၊ ဟုန်ရှင်း (မော်ထိုက်) ဒေသ၊ ရှင့်ထန်ကျေးရွာအုပ်စု၊ တာကျိုင့်တောင်အောက် ခြေရှိ ရန်သူ့တပ်စခန်း၊ ဟုန်ရှင်းဒေသရှိ ကော်ကြာတုနှင့် ရှီးရှမ်းဒေသ၊ မန်လော်ကျေးရွာ အုပ်စု၊ တာပတုတံတား၏ တစ်ဘက်ခြမ်း တွင်ရှိသော “ပန်လုံတောင်စခန်း” ၊ မိုင်းပေါ်ဒေသရှိ ရန်သူစစ်ကောင်စီ၏ “မိုက်ဖန်တပ်စခန်း” စသည့် စခန်းများအား အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။
ထို့ပြင် ကိုးကန့်တပ်မတော် (MNDAA) သည် နိုဝင်ဘာ ၅ ရက်ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့သော ရန်သူစစ်ကောင်စီ၏ “မုံးကိုးဗျူဟာကုန်း” အား ခြေလျင်တပ်ဖြင့် စတင်ထိုးစစ်ဆင်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်၊ နေ့လည် (၁၂:၄၀) အချိန်ခန့်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်ခဲ့သည်။
အဆိုပါ နိုဝင်ဘာလ (၇) ရက်တွင်ပင် ကိုးကန့်တပ်မတော် (MNDAA) သည် မူပန် (သိန္နီ) ခရိုင်၊ ဟိုပင်ကျေးရွာအုပ်စုရှိ ရန်သူစစ်ကောင်စီ၏ “ ၆၈ ဗျူဟာကုန်း” တွင် ကားရပ်နားသည့်နေရာ၊ အမြောက်စခန်း၊ မိုင်းတင်လက်ဖက်တောင်ကုန်းရှိ ရန်သူ့ စခန်း (၁) ၊ (၂) ၊ (၃) ၊ နန်ဖိုင်ကျေးရွာ အုပ်စုတွင် ရန်သူစစ်ကောင်စီအခြေချတပ်စွဲထားသော “တပ်ရင်း ၂၉၁” နှင့် ဟိုပင်ကျေးရွာအုပ်စုရှိ “မာချီနောစခန်း” စသည့် စစ်ရေးအရအရေးပါသော ရန်သူ့စခန်းများအား ဒရုန်းစစ်ဆင်ရေးဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
အလားတူ နိုဝင်ဘာလ (၇) ရက်၊ ညနေ (၅:၃၀) အချိန်ခန့်တွင် တအာင်းတပ်မတော် (TNLA) နှင့် MDY PDF တို့ ပူးပေါင်းပြီး တအာင်းပြည်နယ်၊ တပ်မဟာ (၂) စစ်ဒေသ၊ နောင်ချိုမြို့နယ်၊ ဂုတ်ထိပ်အနီးဝန်းကျင်တွင် ရန်သူစစ်ကောင်စီ၏ တပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
ထို့ပြင် ရက္ခိုင့်တပ်တော် (AA) ၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် PDF များသည်လည်း စစ်ကိုင်းတိုင်း၊ ထီးချိုင်မြို့နယ်၊ ကောလင်းမြို့နယ် အပါအဝင် အဆိုပါမြို့နယ်များနှင့် ဆက်စပ်ဒေသများတွင် စစ်ဆင်ရေး ဆက်လက်ဖော်ဆောင် လျက်ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်တွင် စတင်ခဲ့သော” ၁၀၂၇” စစ်ဆင်ရေးနှင့်အတူ တော်လှန်ရေးမဟာမိတ်တပ်များက စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ ရှမ်းမြောက်ဒေနှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတို့တွင် ယနေ့နိုဝင်ဘာ ၈ ရက်အထိ တ်ုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ စခန်းတချို့ကို ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည် ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2347
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6129