ကချင်၊ ချင်း အပါအဝင် မဟာမိတ်တပ်များနှင့်ပေါင်း၍ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်
*******************************
သံလွင်ခက်
နိုဝင်ဘာ ၇ ၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဥ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည် ။
အဆိုပါမြို့သိမ်းတိုက်ပွဲတွင် တော်လှန်ရေးအဖွဲ့များနှင့်အတူ တမူးခရိုင် တပ်ရင်း (၂) ၊ စစ်ဒေသအထူး တပ်ရင်း (၂) ၊ အမှတ် ၁ စစ်ဒေသ လက်နက်ကြီး အဖွဲ့ ၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့ ၊ CNDF ၊ TDA ၊ RCDF နှင့် KNA-Burma တို့ ပူးပေါင်းပါဝင်ခဲ့ကြသည် ။
ကလေး-တမူး အာရှအဝေးပြေးလမ်းပေါ်ရှိ ခမ်းပတ်မြို့ကို နိုဝင်ဘာလ (၃) ရက်မှ စတင်၍
ဝိုင်းပတ်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက်တွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်လျက် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အမှတ်(၁) စစ်ဒေသ၏ ကောလင်းခရိုင်ကွပ်ကဲရေး
အစီအစဥ်ဖြင့်လည်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များက ကောလင်းမြို့ရှိ ကောလင်းရဲစခန်း၊ အထွေထွေ အုပ်ချုပ်ရေးရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကောလင်းမြို့ကို ယမန်နေ့၌ ထိန်းချုပ်နိုင်ခဲ့သည် ။
အမှတ် (၁) စစ်ဒေသသည် C3C ၏ အစီအစဉ်ဖြင့် KIA စစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ်လည်းကောင်း၊ KIA အရာရှိများက ခရိုင်ကွပ်ကဲရေးမှုးများ အဖြစ်လည်းကောင်း တာဝန်ယူလျက် PDF တပ်ရင်းများနှင့် ပကဖအဖွဲ့များကို လေ့ကျင့်ပျိုးထောင်ကာ အနီးကပ်ကွပ်ကဲမှု ရယူထားသော စစ်ဒေသဖြစ်သည်။