နမ့်ခမ်းမြို့ကို TNLA ထိန်းချုပ်
*************************
ယမင်းဖူးပွင့်အောင်
နိုဝင်ဘာ ၇၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ ရုံး၊ ဌာနအားလုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် – TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ထိန်းချုပ်ထားနိုင်ပြီဟု ဒေသခံများထံက သိရသည်။
နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်း စခန်းချတပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို ယမန် နေ့ နေ့လယ်ပိုင်းကစတင်တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက် ၆နာရီဝန်းကျင်မှာတော့ အပြီးသတ်ရှင်းလင်း တိုက်ထုတ် နိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်း၌ နောက်ဆုံးကျန်ရှိသည့် တပ်ဖွဲ့ဖြစ်ကာ TNLA က လက်နက်ချခိုင်းခဲ့ပြီး ထောက်ပို့လမ်းကြောင်းများကိုလည်း ပိတ်ဆို့ထားခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ် ၁ ဦးက သံလွင်ခက်ကို ပြော သည်။
“မြို့လယ်ဘုရားမှာ သူတို့ပုန်းနေတာ။ ဝိုင်းထားတယ် သူတို့ကို။ လက်နက်ချခိုင်းတာ မချဘူး။ ဘယ်လောက် တောင့်ခံနိုင်မလဲမသိဘူး။ ထောက်ပို့အပေါက်တွေလည်း ပိတ်ထားခဲ့ဝာယ်။ အခုတော့ တိုက်ထုတ်လိုက်နိုင်ပြီ” ဟု ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံးပြီး ၁၀ ဦး အရှင်ဖမ်းမိခဲ့သည်ဟု ၎င်းကဆိုသည်။ စစ်ကောင် စီတပ်ဖွဲ့ထံက လက်နက်အမျိူးအစားပေါင်းများစွာနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ သည် ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် နမ့်ခမ်းမြို့အတွင်း လျှပ်စစ်မီးပြတ်တောက်နေပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းသုံးစွဲရန် အခက် အခဲများဖြစ်ပေါ်နေ၍ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်လာမည်ကို ထိတ်လန့်နေရသည်ဟု ဒေသခံ ၁ ဦးက ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်ကလည်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီရဲစခန်းကို TNLA က သိမ်းပိုက်နိုင်ခဲ့ပြီး နမ့်ခမ်း-နမ့်ဖတ်ကာဗျူဟာလမ်းပေါ်ရှိ မြို့အဝင် စစ်ကောင်စီစခန်းသစ်ကုန်း ၁ ခုသာ ကျန်ရှိတော့သည်ဟု စစ်ရေးနီးစပ် သူများထံက သိရသည်။
ပုံစာ- နမ့်ခမ်းမြို့လယ်ဘုရားဝင်းအတွင်း သိမ်းဆည်းရမိသည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများ။
Photo – PSLF/TNLA
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2338
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6120