ကရင်နီပြည်ရှိ စစ်ကောင်စီလက်အောက်ခံအဖွဲ့အားလုံး ပြည်သူနဲ့ပူးပေါင်းဖို့ ကလလတ အခွင့်အရေးပေး တိုက်တွန်း
****************************
သံလွင်ခက်
နိုဝင်ဘာ ၆ ၊ ၂၀၂၃ ။
ကရင်နီပြည်နယ်အတွင်းရှိ စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့မှ အရာရှိ အရာခံ အကြပ်တပ်သားများ ၊ အခြားသော အုပ်ချုပ်ရေးဘက်ဆိုင်ရာ အမှုထမ်း ၊ အရာထမ်း၊ ဝန်ထမ်းများ အားလုံး ပြည်သူတွေနဲ့အမြန်ဆုံးလာရောက် ဆက်သွယ် ပူးပေါင်းကြဖို့ ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) က အခုလ ပထမအပတ်ထဲမှာ တိုက်တွန်းဖိတ်ခေါ်ထားပါတယ် ။
စစ်ကောင်စီလက်အောက်ခံအဖွဲ့သားတွေဟာ မင်းအောင်လှိုင်နဲ့ အပေါင်းပါထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးတစ်စုရဲ့ အာဏာတည်တံ့ခိုင်မြဲရေး ၊ ကြွယ်ဝချမ်းသာရေးတို့အတွက် အသက်နဲ့ဘဝတွေကို နေ့စဥ်စတေးခံနေကြရတဲ့အပြင် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းဇိမ်တွေကို သတ်ဖြတ်၊ လုယက် ၊ မီးရှို့ ဖျက်ဆီးခိုင်းနေတဲ့ လူမဆန်တဲ့လုပ်ရပ်တွေကြောင့် ဂုဏ်သိက္ခာလည်း ကျဆင်းနေရတာမို့ ပြတ်ပြတ်သားသား ရှုန်းထွက်လာဖို့ (ကလလတ)က တိုက်တွန်းထားတာဖြစ်ပါတယ်။
အဲဒီတိုက်တွန်းချက်နဲ့အတူ (ကလလတ) အဖွဲ့အစည်းအပါအဝင် တော်လှန်ရေးအဖွဲ့အစည်းတွေ ၊ ပြည်သူတွေနဲ့ လာရောက်ပူးပေါင်းလိုတဲ့ စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေကို ဖမ်းဆီး၊ချုပ်နှောင် နှိပ်စက်မှုတွေ ပြုလုပ်မှာမဟုတ်သလို စစ်အသုံးအဆောင်ပစ္စည်းတွေက လွဲလို့ ကိုယ်ပိုင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ် ။
ဒါအပြင် ထိခိုက်ဒဏ်ရာရရှိထားသူတွေနဲ့ နာမကျန်းဖြစ်နေသူတွေကိုလည်း ဒဏ်ရာတွေ သက်သာ ပျောက်ကင်း ကျန်းမာတာတဲ့အထိ ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမှာဖြစ်ပြီး သွားလိုရာ ဒေသတွေကိုလည်း အမြန်ဆုံးသွားရောက်နိုင်ဖို့ လမ်းစရိတ်ကအစ စီစဥ်ဆောင်ရွက်ပေးမယ်လို့ ( ကလလတ )အဖွဲ့အစည်းက ဆိုပါတယ် ။
ပုံစာ-ရှမ်းမြောက်စစ်ဆင်ရေးအတွင်း ရန်တော်စံစခန်းမှ ထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရရှိမှုကို နိုဝင်ဘာ၂ ရက်မှာ MNDAAက ဖော်ပြထားမှု ။
*********
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2320
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6089