နမ့်ခမ်းမြို့ ရဲစခန်းနှင့်တပ်စခန်း၄ ခုကို TNLA ထပ်မံသိမ်းပိုက်
*********************************
သံလွင်ခက်
နိုဝင်ဘာ ၆ ၊ ၂၀၂၃ ။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ပေါ်ရှိ စစ်ကောင်စီရဲစန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုကို ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ယနေ့ နံနက်ပိုင်း၌ တအာင်းတပ်မတော် PSLF/TNLA က သတင်းထုတ်ပြန်သည် ။
တအာင်းပြည်နယ်၊ တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့ စစ်ကောင်စီရဲစခန်းအား ယမန်နေ့ နိုဝင်ဘာလ ၅ရက်၊ နံနက် ( ၆း၀၀)နာရီအချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည် ။
နမ့်ခမ်းမြို့ရဲစခန်းအပါအဝင် နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာအုပ်စုရှိ စစ်ကောင်စီ မန်ဝန်းတပ်စခန်း ၊ တပ်မဟာ(၄) စစ်ဒေသ နမ္မတူမြို့နယ် ပန်သပြေကျေးရွာရှိ စစ်ကောင်စီ တပ်စခန်း ၊ တပ်မဟာ (၃)စစ်ဒေသ မန်တုံမြို့နယ် ခိုမုန်းကျေးရွာရှိ စစ်ကောင်စီ ခိုမုန်းတပ်စခန်း၊ တပ်မဟာ (၃) စစ်ဒေသ နမ့်ခမ်းမြို့နယ် မန်ပူးကြီးကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းတို့အား ယမန်နေ့ နံနက်အစောပိုင်းအချိန်တွင် တအာင်းတပ်မတော် PSLF/TNLA တပ်များက တပြိုင်နက်တည်း တိုက်ခိုက်ခဲ့သည် ။
ထို့ပြင် တအာင်းတပ်မတော် PSLF/TNLA သည် ယမန်နေ့၌ တပ်မဟာ(၄) စစ်ဒေသ၊ လားရှိုးနှင့် သိန္နီကြား (၁၄ မိုင် နှင့် ၁၅မိုင်)ကြားရှိ နမ့်တွန်ကျေးရွာတွင် စစ်ကား ၄ စီးဖြင့် စစ်ကူရောက်လာသော စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခဲ့ပြီး လက်နက် ၂ လက်၊ စစ်အသုံးဆောင်ပစ္စည်းများနှင့် စစ်ကား ၄ စီးကို မီးရှိ့ဖျက်ဆီးပစ်နိုင်ခဲ့သည်။
အလားတူ တပ်မဟာ(၂)စစ်ဒေသ၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ တိုက်ခိုက်ရေးရဟတ်ဖြင့် ရှေ့ပြေးအသုံးပြုကာ ရွှေညောင်ပင်နှင့် အုမ္မတီး/အုမ္မခါးကျေးရွာမှ စစ်ကြောင်း (၂)ကြောင်းဖြင့် ထိုးတက်လာသောကြောင့် တအာင်းတပ်မတော် PSLF/TNLA နှင့် MYD PDF ပူးပေါင်းတပ်ဖွဲ့တို့ မှ စောင့်ကြိုတိုက်ခိုက်ခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းနှင့် စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရခဲ့မိသည်ဟု တအာင်းတပ်မတော် PSLF/TNLA က သတင်းထုတ်ပြန်သည် ။