ရွှေလီကြိုးတံတားရှိ စစ်ကောင်စီစခန်းကို တအာင်းတပ်မတော်သိမ်းပိုက်
*****************************
သံလွင်ခက်
နိုဝင်ဘာ ၃၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နှင့် မန့်ဝိန်းကြီးကြားဆက်သွယ်ထားသည့် ရွှေလီကြိုးတံတားရှိ စစ်ကောင်စီ တပ်စခန်းကို တအာင်းတပ်မတော် – TNLA က ယနေ့ နံနက်ပိုင်း ၆ နာရီ ၅၅ မိနစ်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ သည်ဟု PSLF/TNLA က ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံက လက်နက် ၄ လက်၊ 60 MM ဗုံးသီး ၃၀ လုံး၊ RPG အသီး ၈ လုံး၊ လက်ပစ်ဗုံး ၅၀ လုံး၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး စခန်းသိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။
TNLA တပ်များသည် ရွှေလီကြိုးတံတားရှိစစ်ကောင်စီတပ်စခန်းအပြင် မန်တုံမြို့နယ်ရှိ စစ်ကောင်စီလက်အောက် ခံရဲစခန်း၊ ပြည်သူ့စစ်စခန်းကို ယနေ့ နံနက် ၅နာရီတွင်လည်းကောင်း၊ နောင်ချိုမြို့နယ်ရှိ ကွန်ခါတပ်စခန်းကို ယနေ့ နံနက် ၄ နာရီတွင်လည်းကောင်း တအာင်းတပ်မတော် PSLF/TNLA က သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။
ထို့ပြင် ယမန်နေ့ညပိုင်းနှင့် ယနေ့နံနက်အစောပိုင်းမှာတော့ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နောင်ချိုမြို့နယ်၊ ဟိုခို ကျေးရွာနှင့် နမ့်ခမ်းမြို့နယ်ရှိ လွယ်အင်ကျေးရွာတို့ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ် ခဲ့သည့်အတွက် နေအိမ်တချို့ပျက်စီးခဲ့ပြီး ကလေးငယ် ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PSLF/TNLA က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – PSLF/TNLA
**************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2283
YouTube- > https://youtu.be/SpxIBpTYop8
Website -> https://thanlwinkhet.net/?p=6039