တမူး၊ ကလေးနှင့်ဂန့်ဂေါရှိ စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်းများကို တိုက်ခိုက်သိမ်းပိုက်
****************************
သံလွင်ခက်
နိုဝင်ဘာ ၃၊ ၂၀၂၃ ။
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် နှင့် ကလေးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ရှိ ရဲစခန်းများကို ယနေ့နံနက်ပိုင်းတွင် သိမ်းပိုက်မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ဒေသခံများနှင့် ကာကွယ်ရေးရဲဘော် များထံက သိရသည် ။
တမူးခရိုင်၊ ခမ်းပါတ်မြို့နယ်ရှိ မြို့မရဲစခန်း၊ တမူးမြို့နယ်၊ ဝိတုတ်စစ်ကောင်စီစခန်းနှင့် ကလေးမြို့နယ် ရာဇဂြိုဟ်ဆည်တပ်စခန်းတို့ကို PDF ၊ CDF ပူးပေါင်းတပ်များက ယနေ့နံနက် ၄ နာရီဝန်းကျင်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သည့် ဒေသခံအမျိုးသား ၁ ဦးက ပြောသည်။
” စခန်းတွေကို ပူးပေါင်းတပ်တွေက တပြိုင်တည်းတိုက်နေကြတာလို့ သိရတယ်။ စခန်းတွေ သိမ်းပိုက်ရရှိထား တယ်လို့တော့ ပြောတယ် ” ဟု ၎င်းက ယနေ့နံနက် ၁၀ နာရီခန့်တွင် ပြောသည် ။
အလားတူ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ မင်းရွာရဲစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ခရိုင်တပ်ရင်းများက စီး နင်းတိုက်ခိုက်ခဲ့ရာ ရဲစခန်းကိုသိမ်းပိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ပြော သည်။
” မနက် ၅ နာရီခွဲလောက်မှာ စပြီးတော့တိုက်ခိုက်ခဲ့တာ။ စခန်းကို ၉၀ ရာခိုင်နှုန်းလောက် သိမ်းပိုက်နိုင်တဲ့အချိန် ဟိုဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူပေးတယ်။ ဂန့်ဂေါတောင်ဘက်က ယန္တရားကုန်းဘက်ကရယ် ၊ ဂန့် ဂေါနယ်ပေါ့။ ပျူရွာအမြောက်တပ်ဆိုတာရှိသေးတယ်။ အဲဒီ ၂ နေရာကနေ လက်နက်ကြီးပစ်ကူပေးတယ် ” ဟု ၎င်းက ပြောသည် ။
စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သော်လည်း ကာကွယ်ရေးတပ်များကတော့ ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကာ စခန်းကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟုသိရ သည်။
ရဲစခန်းအား တိုက်ခိုက်နေချိန်နှင့် သိမ်းပိုက်မီးရှို့ဖျက်ဆီးနေချိန်များတွင်လည်း စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူများ လာရောက်နိုင်ခဲ့ခြင်းမရှိဟု လေကြောင်းသတင်းများစောင့်ကြည့်နေသည့် ကာကွယ်ရေးရဲဘော် ၁ ဦးက ပြောသည်။
ပုံစာ – ဂန့်ဂေါခရိုင်၊ မင်းရွာရဲစခန်းကို ယနေ့နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေစဥ်။