ယမင်းဖူးပွင့်အောင်
ဩဂုတ် ၂၉။ ၂၀၂၃။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စမတ်ကတ်အဖြစ်ပြောင်းလဲရန်အတွက်ကိုယ်ရေးအချက်အလက်များကောက်ယူနေသည်ဟု ဒေသခံများထံက သိရသည်။
E-Government ကိုအထောက်အကူပြုနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စမတ်ကတ်အဖြစ်ပြောင်းလဲအသုံးပြုရန် အရှိန်အဟုန်ဖြင့်ဆောင်ရွက်နေသည်ဟု စစ်ကောင်စီခန့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ဩဂုတ်လ ၁၀ ရက်တွင် ပြောသည်။
စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက လာရောက်ကောက်ခံခြင်းဖြစ်ပြီး အတင်းအကျပ်တွန်းအားပေးခြင်းမရှိဟု မြဝတီမြို့ခံတစ်ဦးက သံလွင်ခက် ကို ပြောသည်။
“စမတ်ကတ်လဲရမယ်။ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူကူးပေးပါဆိုပြီး လာပြောတာ။ တခြားသတင်းတော့ မကြားရသေးဘူး” ဟု ပြောသည်။
စမတ်ကတ်ပြုလုပ်ရန်အတွက် မှတ်ပုံတင်မူရင်း၊ မိတ္တူနှင့် သန်းခေါင်စာရင်းမိတ္တူတစ်ခုလိုအပ်ပြီး တစ်ဦးချင်းဆီ၏ ဒေတာအချက်အလက်များအား ထိန်းသိမ်းမှုလွယ်ကူစေရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု စစ်ကောင်စီခန့် အရာရှိများက ပြောဆိုခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
စီးပွားရေးလုပ်ကိုင်နေသူနှင့် ခရီးထွက်ရန်လိုအပ်သူအများစုသာ စမတ်ကတ်သွားရောက်ပြုလုပ်ကြသည်ဟု မြဝတီ မြို့ဒေသခံတစ်ဦးကလည်း ပြောသည်။
၎င်းက “မြဝတီမြို့ထဲမှာတော့ လုပ်ချင်တဲ့သူတွေ ရုံးမှာ သွားလုပ်လို့ရတယ်။ အတော်များများကတော့ မလုပ်ကြဘူး။ စီးပွားရေးအရ ခရီးထွက်ကြရတဲ့သူတချိူ့ကတော့ လုပ်ကြတယ်” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်ကစတင်ကာ အိမ်ထောင်စုစာရင်းများနှင့် ကိုယ်ရေးရာဇဝင်များကို ကရင်ပြည်နယ် ဖားအံမြို့နယ်တွင် စတင်ကောက်ခံနေသည်ဟု ဒေသခံများထံက သိရသည်။
ရိုဟင်ဂျာလူမျိုးစုများအပြင် စစ်ကောင်စီကိုတော်လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် အဖွဲ့အစည်းများကိုစိစစ်နိုင်ရန် ဆောင်ရွက်နေခြင်းသာဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများဘက်က ပြောဆိုကြသည်။
Photo Crd-(နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စမတ်ကတ်အဖြစ်ပြောင်းလဲရန်ကောက်ယူသည့်ပုံစံစာရွက်)
**************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1883
YouTube- > https://youtu.be/sCgktZzn2lw
Website -> https://thanlwinkhet.net/?p=5451
Website ->https://eng.thanlwinkhet.net