သံလွင်ခက်။
ဩဂုတ် ၂၄၊ ၂၀၂၃။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် ၊ တပ်မဟာ ၃ နယ်မြေအတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများကြောင့် ၃ ပတ်အတွင်း နေအိမ် ၁၂၁ လုံးခန့် မီးလောင်ပျက်စီးခဲ့သည်ဟု KNU က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထား သည်။
ဩဂုတ်လ ၉ ရက် ၊ နံနက် ၅ နာရီအချိန်၌ တပ်မဟာ ၃၊ မူး(မုန်း)မြို့နယ်၊ အောက်ကြာအင်းကျေးရွာအနီးတွင် အင်အား ၈၀ နီးပါးရှိသော စစ်ကောင်စီတပ်၏ ခ.မ.ရ – ၅ နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (K.N.L.A) တပ်ရင်း (၈) နှင့် ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်ကြာအင်းကျေးရွာအတွင်းဝင်ရောက်ပြီး နေအိမ် ၂၆ လုံး မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်ကလည်း စစ်ကောင်စီတပ်များ ကေအဲန်ယူ-မူးမြို့နယ်အုပ်ချုပ်နယ်မြေအတွင်းက အိမ်ခြေ ၁၅၀ နီးပါးရှိသည့် နောင်ကုန်းကျေးရွာကိုဝင်ရောက်ပြီး နေအိမ် ၂၇ လုံး၊ စပါးကျီ ၁၆ လုံး၊ တဲ ၁၁ လုံးနှင့် အခြားအရာများမီးရှို့ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဇူလိုင်လ ၁၉ ရက်တွင်လည်း စစ်ကောင်စီတပ်၏ ခ.လ.ရ-၂၆၄၊ ခ.မ.ရ-၃၀၇၊ ခ.မ.ရ-၄၃၉၊ ခ.မ.ရ-၃၅၀၊ ပျူစော ထီး၊ ရဲတပ်ဖွဲ့များပါဝင်သည့်ပူးပေါင်းတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ် ရင်း ၉ နှင့်ပူးပေါင်းတပ်တို့အကြား ကေအဲန်ယူ-လယ်ဒို (ကျောက်ကြီး)မြို့နယ်၊ နံဇကျေးရွာအနီးတွင် တိုက်ပွဲဖြစ် ပွားခဲ့သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နံဇကျေးရွာအတွင်းဝင်ရောက်ပြီး နေအိမ် ၂၀ လုံး နီးပါး မီးရှို့ ဖျက်ဆီးခဲ့ကြသည်။
ဩဂုတ်လပထမအပတ်တွင်လည်း အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် (K.N.L.A) တပ်ရင်း ၉ နှင့် ပူးပေါင်းတပ်များအကြား နံဇကျေးရွာအနီး ၁ နာရီကျော်ကြာ တိုက်ပွဲထပ်မံဖြစ် ပွားခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နံဇကျေးရွာတွင်နေရာယူပြီး ရွာထဲတွင်ကျန်နေသေးသည့်နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စုစုပေါင်းအိမ်ခြေ ၁၂၆ လုံးအနက် ၆၈ လုံး မီးလောင်ပျက်စီးခဲ့ရသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ပုံစာ – တပ်မဟာ ၃ နယ်မြေအတွင်းရှိကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး နောက် မြင်တွေ့ရသည့် မြင်ကွင်း။
Photo – KNU
ဓါတ်ပုံ – အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ၏ မီးရှိုဖျက်ဆီးမှုကြောင့် ပျက်စီးသွားရသောနေအိမ်များ။