ယမင်းဖူးပွင့်အောင်
သြဂုတ် ၂၁၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်−မြန်မာနယ်စပ်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ဖုန် ထူထပ်ပြီး လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံများထံက သိရသည်။
၃၁၆.၉၆ စတုရန်းမိုင်အကျယ်ရှိသည့် လောက်ကိုင်မြို့တွင် လူဦးရေထူထပ်ပြီး မော်တော်ယာဉ်သွားလာမှုလည်း များပြားသောကြောင့် ဖုန်ထူထပ်မှုများ မကြာခဏဖြစ်ပေါ်နေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
ပလတ်စတစ်နှင့်အမှိုက်များ စည်းကမ်းမဲ့မီးရှို့ခြင်းသည်လည်း လေထုညစ်ညမ်းရသည့် အကြောင်းရင်းတစ်ခုဖြစ် နိုင်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ ဒီဘက်မှာက အဟောင်းဝယ်တဲ့သူတွေက ပလတ်စတစ်ဘူးခွံတွေဆို မဝယ်ဘူး။ စည်ပင်က သန့်ရှင်းရေးလုပ်ရင် တောင် အမှိုက်ပုံမှာသွားပြီး မီးရှို့ပစ်ကြတာ။ နွေရာသီဆိုရင် ပိုဆိုးတာပေါ့။ မြို့လေးက ကျဉ်းကျဉ်းလေးနဲ့ ကား တွေ ဆိုင်ကယ်တွေကများတော့ ဘယ်နေရာသွားသွား ဖုန်တွေချည်းပဲ” ဟုပြောသည်။
လေထုညစ်ညမ်းမှုနှင့် မီးခိုးငွေ့များကြောင့် အပြင်ထွက်လျှင် mask တပ်ကာသွားလာနေရပြီး အသက်ရှုကျပ်သည့် အခြေနေများကိုလည်းရင်ဆိုင်နေရသည်ဟု ၎င်းကဆက်ပြောသည်။
လမ်းများပြုပြင်နိုင်ခြင်းမရှိသည့်အတွက် ဖုန်ထကာ မိုးတွင်းကာလတွင်လည်း သွားလာရေးခက်ခဲနေသည်ဟု လောက်ကိုင်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးက ပြောသည်။
“ ဒီဘက်က မြေက မြေနီတွေဆိုတော့ အရမ်းချော်တယ်။ တော်ရုံ ဆိုင်ကယ်စီးတတ်တဲ့သူမျိုးဆိုရင်တောင် မထိန်း နိုင်ဘူး။ လမ်းက အရမ်းချော်တယ်။ မိုးတွင်းဘက်လည်း လမ်းကမကောင်းတော့ ဗွက်ပြဿနာရှိတယ်” ဟုပြော သည်။
မြန်မာသတင်းအချက်အလက်စီမံခန့်ခွဲမှုယူနစ်(MIMU)ကပြုစုထားသည့် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ လောက်ကိုင်မြို့နယ်တွင် လူဦးရေစုစုပေါင်း ၈၉၉၆၁ ဦးနေထိုင်လျက်ရှိသည်။
Photo- ZW (လောက်ကိုင်မြို့ တွင်းတနေရာ )
****************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1829
YouTube- > https://youtu.be/EQxNHj_FY94
Website -> https://thanlwinkhet.net/?p=5361
Website ->https://eng.thanlwinkhet.net