သံလွင်ခက်
သြဂုတ် ၁၉ ၊ ၂၀၂၃ ။
ကရင်နီပြည်နယ် ၊ ဒီးမော့ဆို-ဖရူဆို အာရှလမ်းမကြီးတလျှောက်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံတပ်ရင်းများက စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၇၀ ကျော်အထိ သေဆုံးခဲ့သည်ဟု ဒီးမော့ဆို – ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့တွင်သတင်းထုတ်ပြန်သည် ။
စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံတပ်ရင်းများသည် ဒီးမော့ဆိုမြို့မှ ဖရူဆိုမြို့ဘက်သို့ဦးတည်ပြီး ဒီးမော့ဆို-ဖရူဆို အာရှလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာခဲ့ရာ သြဂုတ်လ ၂ ရက်ကနေ ၁၄ ရက်အထိ နေ့စဥ် နီးပါး ပြင်းထန်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများအတွင်း တပ်မ ၅၅ လက်အောက်ခံတပ်များဖြစ်သည့် ခမရ ၁၁၂ က တပ်ဖွဲ့ဝင် ၄၅ ဦးခန့် သေဆုံးပြီး ခလရ ၃ မှ တပ်ရင်းမှူး ၊ ဒုတပ်ရင်းမှူးအပါအဝင် ၂၆ ဦးခန့် သေဆုံးခဲ့သည်ဟု ဒီးမော့ဆို – ပြည်သူ့ ကာကွယ်ရေးတပ်က ဖော်ပြထားသည် ။
ထို့ပြင် လက်နက်ငယ်မျိုးစုံ ၁၅ လက်၊ လက်နက်ကြီး ၁ လက်နှင့် ခဲယမ်းပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီ ပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် DMO Local PDF ၊ အလယ်ပိုင်းတိုင်း ကရင်နီစစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း နှင့် ကရင်နီဝံပုလွေစစ် ကြောင်း တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲများတွင် KA က ဒုဗိုလ်တစ်ဦး ၊ KNDF – B04 က ရဲဘော်တစ်ဦး နှင့် KNDF – B19 က ရဲဘော် တစ်ဦးတို့ကျဆုံးခဲ့သည်ဟု သိရသည်။
ပုံစာ-စစ်ကောင်စီတပ်များထံမှ သိမ်းဆည်းရရှိသည့်
လက်နက်၊ခဲယမ်း၊ပစ္စည်းများ။