သံလွင်ခက်
ဩဂုတ် ၁၇ ၊ ၂၀၂၃။
တိုက်ပွဲများဖြစ်ပွားနေသည့် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စားနပ်ရိက္ခာ သယ်ယူခွင့်ကန့်သတ်ထားသည်ဟု ဒေသခံများထံက သိရသည်။ နတ်သံကွင်း စစ်တောင်းမြစ်ကူးတံတား ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီက ပဲနွယ်ကုန်းမြို့မှ ကျောက်ကြီးမြို့နယ်အတွင်းသို့ စားနပ်ရိက္ခာသယ်ယူခွင့် တင်းကျပ်ထားသည်ဟု ကျောက်ကြီးမြို့နယ်မှ အမျိုးသားတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” စားနပ်ရိက္ခာသယ်ယူတဲ့နေရာမှာ တော်တော်လေးတော့အခက်အခဲရှိတယ်။ ဆီတွေဆိုရင် တစ်ရက်ကို ၁၀ပိသာတစ်ပုံးပဲခွင့်ပြုတယ်။ အများကြီးသယ်လို့ရှိရင် သိမ်းတာတွေရှိတယ်။ အခက်အခဲတော့ တော်တော်ဖြစ် တယ်” ဟုဆိုသည်။
ပဲနွယ်ကုန်းမြို့နှင့် နတ်သံကွင်းမြို့ကြားရှိ လက်ပံကုန်းနှင့် အုန္နဲပင် စသည့်ကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီဂိတ်များက စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်နေခြင်းဖြစ်သည်ဟု ဒေသခံများထံကသိရသည်။
ကျောက်ကြီးမြို့နယ်လမ်းပိုင်းများတွင် စစ်ကောင်စီတပ်က ပြည်သူများ ဖြတ်သန်းသွားလာရာတွင် ဖမ်းဆီးစစ်ဆေးခြင်း၊ ဖမ်းဆီးထောင်ချခြင်း၊ စားသောက်ကုန်များ သိမ်းယူခြင်းအပါအဝင် မော်တော်ယာဉ်များကိုလည်းသိမ်းယူကာ ငွေကြေးဖြင့်ပြန်လည်ရွေးယူခိုင်းနေသည်ဟု ကျောက်ကြီးမြို့နယ် ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ဩဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူများဖြတ်သန်းသွားလာချိန်တွင် ဖမ်းဆီးစစ်ဆေးခြင်းနှင့် ဖမ်းဆီးထောင်ချခြင်းများ လုပ်ဆောင်နေသည့်အတွက် လုပ်ငန်းခွင်ထဲသို့ သွားလာ၍မရသည့်အခြေအနေများဖြင့် ရင်ဆိုင်နေကြရသည်။
ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူက
” အခုဆိုရင် စစ်ရှောင်တွေအနေနဲ့လည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်၊ ကျန်းမာရေးအခက်အခဲတွေ၊ စားဝတ်နေရေးအခက်အခဲတွေနဲ့ တွေ့ကြုံနေရတယ်၊ အဲဒီအပေါ်မှာ ဖမ်းဆီးချုပ်နှောင်တာတွေလည်းရှိတယ်။ လမ်းပန်းဆက်သွယ်ရေးအနေနဲ့ ကူးသန်းသွားလာနေရတဲ့အခါ သူတို့ရဲ့လုပ်ငန်းခွင်တွေထဲသွားလို့မရတာစတဲ့ လူမှုဘဝနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေမှန်သမျှက အခုချိန်မှာ အခက်အခဲတွေနဲ့ကြုံတွေ့နေရတယ် ” ဟုဆိုသည်။
စစ်ရေးအရဗျူဟာကျသည့် နတ်သံကွင်း စစ်တောင်းမြစ်ကူးတံတားအပါအဝင် ရဲစခန်း၊ တံတား ရဲကင်းစသည့်နေရာများကို ဇွန်လ ၆ ရက်မနက်ပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ လက်အောက်ခံတပ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးခဲ့သည်။
ယင်းဖြစ်စဉ်ဖြစ်ပွါးပြီးနောက် ယနေ့ချိန်ထိ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်များကြား နယ်မြေစိုးမိုးနိုင်ရေးအတွက် နှစ်ဖက်ကြားတိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသည်။
ထို့ပြင် နတ်သံကွင်း၊ ကျောက်ကြီး၊ ကျောက်တံခါးနှင့် ပိန်းဇလုပ် စသည့်မြို့များရှိ စစ်ကောင်စီတပ်များကကျောက်ကြီးမြို့နယ်ကို လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်တပ်မဟာ ၃၊ ဆောထိ(ရွှေကျင်)မြို့နယ်၊ မူး(မုန်း)မြို့နယ်နှင့် လယ်ဒို(ကျောက်ကြီး)မြို့နယ်တို့တွင် ဩဂုတ်လ ၁၃ရက်မှ ဩဂုတ်လ ၁၆ ရက်အထိ စစ်ကောင်စီတပ်မှပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့်ကျောင်းသား၂ဦး အပါအဝင် ပြည်သူ ၆ဦး သေဆုံးခဲ့ရပြီး ကျောင်းသူ/ကျောင်းသား ၄ဦး ၊ ကျောင်းဆရာမ ၁ ဦးအပါအဝင် ၇ဦး ထိခိုက် ဒဏ်ရရှိခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့တွင်ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်၏ လူအခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံရေးလှုပ်ရှားသူများအပါအဝင် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပမှမြန်မာပြည်သူများက နိုင်ငံတကာထံချပြပြီး ဖိအားပေးနိုင်ရန် တောင်းဆိုဖို့လိုအပ်သည်ဟုကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီမှ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
” အခုလိုလူ့အခွင့်ရေးချိုးဖောက်မှုတွေ ထင်ထင်ပေါ်ပေါ်ကြီးကျူးလွန်လာတဲ့ စစ်ကောင်စီအပေါ် နိုင်ငံရေးလှုပ်ရှားသူတွေအပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်း၊ ပြည်ပမှာရှိနေတဲ့သူတွေက ဒီလူ့ခွင့်အရေးချိုးဖောက်မှုကို စစ်ကောင်စီကကျူးလွန်နေတယ်ဆိုတာ ကမ္ဘာသိအောင်ပေါ့နော် အများကနေ အဘက်ဘက်ကနေပြီးတော့ ဒီအရာတွေကို ချပြနိုင်ဖို့ ဖိအားပေးနိုင်ဖို့ကိုပဲ ကျွန်တော်တို့ တောင်းဆိုချင်ပါတယ်။ ” ဟုဆိုသည်။
စစ်ကောင်စီတပ်အနေဖြင့် မေလမှ ဩဂုတ်လ ၁၅ ရက်နေ့ထိ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့လေကြောင်းဖြင့် ၃၃ ကြိမ်၊ လက်နက်ကြီး ၃၇ ကြိမ် ပစ်ခတ်ခဲ့ရာ ကျောင်းသား ၄ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကာ ၁၃ ဦးထိခိုက်သေဆုံးခဲ့သည်ဟု ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ထားသည်။
ပုံစာ – ခလယ်လွီထူ(ညောင်လေးပင်) ခရိုင်အတွင်းမှ စစ်ရှောင်ပြည်သူများမြင်ကွင်း။
Photo – KNU
****************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – >https://t.me/newstlk/1795
YouTube- > https://youtu.be/EQxNHj_FY94
Website -> https://thanlwinkhet.net/?p=5293
Website ->https://eng.thanlwinkhet.net