သံလွင်ခက်
သြဂုတ် ၁၆ ၊ ၂၀၂၃ ။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ရှိရပ်ကွက်တချို့တွင် မြေပြိုကာ နေအိမ်များ ပျက်စီးခဲ့ရသည်။ ပျက်စီးသွားသောနေအိမ်များ ပြန်လည်ပြင်ဆင်ရန်အတွက်လည်း အခက်အခဲများကြုံနေရသည် ဟု ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းမှစ၍ ယခုဩဂုတ်လအထိ ၁၀ ရက်ကျော်ကြာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြေပြိုကာ နေအိမ် ၁၀ လုံးနီးပါး လုံးဝပျက်စီးသွားခဲ့သည်။ နောက်ထပ်နေအိမ် ၁၅ လုံးခန့်မှာလည်း နေထိုင်ရန် အန္တရာယ်ရှိသည့်အခြေအနေတွင်ရှိနေကာ ပျက်စီးမှုတချို့လည်းရှိခဲ့သည်ဟု ပလက်ဝ ခရစ်ယာန်လူမှုကယ်ဆယ် ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(PCSRRC)မှ ဆရာမိန်းဌာ က သံလွင်ခက်ကို ပြောသည်။
“ မိုးဆက်တိုက်ရွာလာတဲ့အချိန်မှာ မြေပြိုတာတွေ ဖြစ်လာတာ။ အခု အိမ်ပြင်ဖို့၊ မြေထိန်းနံရံလုပ်ဖို့ သူတို့အတော် လေး အခက်အခဲကြုံနေကြရတယ်။ ဘယ်အဖွဲ့အစည်းကမှလာကူတာမျိုး မရှိသေးဘူး။ လုံးဝနေလို့မကောင်း တော့တဲ့ အိမ်တွေလည်းရှိတယ်။ တချို့အိမ်တွေက မြေထိန်းနံရံမလုပ်ရင်တော့ အန္တရာယ်ရှိတဲ့ အိမ်အနေအထား မျိုးတွေလည်းရှိတယ်” ဟု ၎င်းကပြောသည်။
မြေပြိုမှုကြောင့် ပလက်ဝမြို့ ၊ ရိက္ခာရပ်ကွက်အထက်ပိုင်း ၊ မြို့မရပ်ကွက် ၊ သာယာကုန်းကျေးရွာနှင့် ဆီးဖလောင်း ကျေးရွာရှိ နေအိမ်များပျက်စီးခဲ့ရပြီး လူဦးရေ ၁၀၀ ဦးနီးပါး ၎င်းတို့၏ ဆွေမျိုးနီးစပ်ရှိရာနေအိမ်များ ၊ ဘုန်းကြီး ကျောင်းများနှင့် အသင်းတော်နေအိမ်များတွင် ခိုလှုံနေထိုင်လျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိမြေပြိုခဲ့သောနေရာများသည် ပြီးခဲ့သော မိုခါမုန်တိုင်းကာလအပါအဝင် ယခင်က မြေပြိုမှုဖြစ်စဥ်မျိုးမရှိခဲ့ ဟု ဒေသခံများကပြောသည်။ ပြီးခဲ့သည့် မေလဒုတိယပတ်အတွင်းတိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ချင်းပြည် နယ် ၊ ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၅၉ ရွာမှ လူနေအိမ် ၅၆၅ လုံး ပျက်စီးခဲ့သည်ဟု Institute of Chin Affairs
ချင်းရေးရာ အဖွဲ့ချုပ်ထံမှ သိရသည် ။