ယမင်းဖူးပွင့်အောင်
ဇွန် ၁၆၊ ၂၀၂၃။
တောင်ငူအကျဉ်းထောင်တွင် ထိန်းသိမ်းခြင်းခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဆေးကုသခွင့် မိသားစုဝင်များက တောင်းခံထားသည်ကို သံလွင်ခက်က စုံစမ်းသိရှိရသည်။
မေလမတိုင်ခင်က စတင်တောင်းဆိုထားပြီး ဇွန်လ ပထမပတ်အတွင် ဒုတိယအကြိမ်တောင်းဆိုထားခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။
သို့သော်လည်း တောင်းဆိုထားသည့်အခြေနေနှင့် ကျန်းမာရေးအခြေနေ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
စစ်ကောင်စီက အကျဉ်းချခံထားရသော NLD အစိုးရအဖွဲ့ဝင်များဖြစ်သည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ပြီးခဲ့သည့် မေလက ရန်ကုန်မြို့တွင် မျက်စိလာရောက်ခွဲစိတ်ခွင့်ပေးခဲ့ဖူးသည်။
ထို့ပြင် ရမည်းသင်းထောင်တွင် ချုပ်နှောင်ခံခဲ့ရသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်းနှင့် နေပြည်တော်ဒုတိယ မြို့တော်ဝန်ဟောင်း ဦးရဲမင်းဦးတို့ကိုလည်း ထောင်ပြင်ပဆေးရုံများတွင် ဆေးကုသမှုခံယူခွင့်ပြုခဲ့သည်။
အသက် ၇၀ကျော်အရွယ်ရှိ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ယခင်ထိန်းသိမ်းထားသည့် နေပြည်တော်မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ကစပြီး တောင်ငူအကျဉ်းထောင်ကို ပြောင်းရွှေ့ထားခြင်းဖြစ်သည်။
အကျဉ်းသားများ ဆေးကုသခွင့်နှင့် ဆေးဝါးများရရှိရေးအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရသည့်အကျဉ်းသားအနေဖြင့် လုံလောက်သည့်အစာအာဟာရ ရရှိရေးအပါအဝင် ပြင်ပဆေးရုံတွင် ကုသရန်လိုအပ်သည့်ရောဂါအမျိုးအစားဖြစ်ပါက ကုသခွင့်ပြုရန် အကျဉ်းထောင်လက်စွဲဥပဒေ ပုဒ်မ ၈၇၉ မှ ၉၂၅ အတွင်းအသေးစိတ်ဖော်ပြထားသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးမင်းမင်း(အမည်လွှဲ)က ပြောသည်။
မြန်မာနိုင်ငံအတွင်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများ ဆေးကုသခွင့် ဆုံးရှုံးနေရသည်ဟုအကျဉ်းထောင်နှင့် နီးစပ်သူအချို့က ပြောသည်။
နိုင်ငံရေးအကျဉ်းသားများသည် အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုများကို ကောင်းမွန်လုံလောက်စွာမရရှိသလို ပြင်ပဆေးကုသခွင့်တောင်းခံရာတွင်လည်း အခက်အခဲများရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအဖွဲ့ဝင်များထံက သိရသည်။
အကျဉ်းထောင်ထဲတွင် ဆေးဝါးလုံလောက်မှုမရှိသည်မှာ မှန်ကန်ပြီး မည်သည့် ရောဂါဖြစ်ဖြစ် ထောင်တွင်းဆေးခန်းက ပါရာစီတမော့သာ ပေးသည်ဟု မြင်းခြံထောင်တွင် ၂၁ လခန့်ကြာ နေခဲ့ရသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုရှင်းသန့်က သံလွင်ခက်ကိုပြောသည်။
“ကျန်းမာရေးစောင့်ရှောက်မှုကတော့ တော်တော်ဆိုးတယ်။ ဘာမှဆေးကုသခွင့်မှမရှိဘူး။ ဘာပဲဖြစ်နေနေ ပါရာစီတမောပဲပေးတယ်။ ခြေထောက်ကျိုးလည်း ပါရာစီတမောပဲပေးတယ်။ ဗိုက်အောင့်လည်း ဒါပဲ။ အပြင်ဆေးရုံကိုကုသခွင့်တောင်းတယ်ဆိုရင်လည်း အချိန်အကြာကြီးနေမှ ကုသခွင့်ပေးတယ် ” ဟု ၎င်းကပြောသည်။
မြင်းခြံအကျဉ်းထောင်ထဲတွင် ဆေးကုသမှု ကောင်းမွန်စွာမခံယူရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦး ပြင်ပဆေးကုသခွင့် လျှောက်ထားရာ တစ်လခန့်ကြာမှ ကုသခွင့်ရပြီး ဆေးခန်းသို့အသွား ထောင်တံခါးဝတွင် အသက်ဆုံးရှုံးခဲ့ရဖူးသည်ဟု ကိုရှင်းသန့်က ဆက်ပြောသည်။
ပြင်ပဆေးကုသခွင့်နှင့် နိုင်ငံတော်သမ္မတကျန်းမာရေးအခြေနေကို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံသံလွင်ခက်က ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိပေ။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစ၍ ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့အထိ ၁၉၀၀၁ ဦး ထိန်းသိမ်းခံထားရပြီး ထိုသူများအနက် ၆၃၆၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားသည်။
ပုံစာ– စစ်ကောင်စီက နိုင်ငံတော် သမ္မတ (အလယ်ပုံ)နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ပထမဆုံးရုံးထုတ်သည့်မြင်ကွင်း။
Photo-Crd
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1445
YouTube -> https://youtu.be/9ijGcDu-6fE
Website -> https://thanlwinkhet.net/?p=5117
Website ->https://eng.thanlwinkhet.net