ကောင်းချစ်အောင်
ဇွန် ၁၆၊ ၂၀၂၃။
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်းနှစ်ခုမှ ကလေးများအတွက် ကိုယ်ထူကိုယ်ထစာသင်ကျောင်း ဆောက်လုပ်နေလျက်ရှိသည်ဟု စစ်ဘေးရှောင်ကူညီပေးသူများထံမှ သိရသည်။
KGမှ Grade-4အထိ တစ်တန်းလျှင် အယောက် ၅၀နှုန်းဖြင့် စစ်ရှောင်ကလေး ၂၅၀ ဦးအတွက် ပညာသင်ကြားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ပေးနေခြင်းဖြစ်သည်ဟု ကျောင်းဆောက်ရာတွင် ကူညီပေးနေသူတစ်ဦးကဆိုသည်။
“၆လပိုင်း ပညာသင်နှစ်အမှီဖွင့်နိုင်ဖို့ ရည်ရွယ်ထားပေမယ့် ငွေကြေးအခက်အခဲတွေကြောင့် ကြန့်ကြာနေတာ။အမိုးအကာတွေတော့လိုအပ်နေသေးတယ်“ဟုဆိုသည်။
အဆိုပါကလေးငယ်များကို စစ်ရှောင်စခန်းများမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့် လူငယ်များကစေတနာ့ဝန်ထမ်းများဖြင့် သင်ကြားသွားမည်ဖြစ်ပြီး ကလေးသူငယ်များ၏ ပညာသင်ခွင့်မဆုံးရှုံးစေရေးအတွက်အဓိက ရည်ရွယ်ထားသည်။
လက်ရှိတွင် သင်ထောက်ကူပစ္စည်းများ လိုအပ်နေသည်သာမက စစ်ကောင်စီ၏ လေယာဉ်နှင့် လက်နက်ကြီးတိုက်ခိုက်မှုများသည်လည်း ပညာသင်ကြားရေးအတွက် စိန်ခေါ်မှုများဖြစ်နေသည်ဟု ကူညီပေးနေသည့်အဖွဲ့မှတာဝန်ရှိသူတစ်ဦးကဆိုသည်။
“တခါတခါ လက်နက်ကြီးတွေနဲ့လှမ်းပစ်တတ်တယ်။ အဲတော့ဗုံးခိုကျင်းတွေတူးထားရတယ်။ တကယ်လို့လေယာဉ်သံကြားပြီဆိုရင် စာသင်နေတာရပ်ပြီး စစ်ရှောင်စခန်းဘက်ပြန်လွှတ်ရတယ်“ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီတပ်၏ထိုးစစ်များကြောင့် ကရင်နီပြည်တွင် စစ်ဘေးရှောင်အရေအတွက် နှစ်သိန်းခွဲခန့် အထိရှိနေပြီးဒီးမော့ဆိုမြို့နယ်တွင် တစ်မြို့နယ်လုံးနီးပါး စစ်ရှောင်နေကြရသည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1444
YouTube -> https://youtu.be/9ijGcDu-6fE
Website -> https://thanlwinkhet.net/?p=5114
Website ->https://eng.thanlwinkhet.net