သံလွင်ခက်။
ဇွန် ၁၆၊ ၂၀၂၃။
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့တွင် ဇွန်လ ၁၅ ရက် မနက် ၉ နာရီဝန်းကျင်၌ အမျိုးသားတစ်ဦးသေနတ်ဖြင့် အပစ်ခံခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
လဲချားမြို့၊ မြို့မစျေးတောင်ဘက်ခြမ်းမှ ကားလမ်းမကြီးအတိုင်း စျေးဘက်သို့ လမ်းလျှောက်လာသည့်အမျိုးသားကို ကားဖြင့်လာသော အမည်မသိလက်နက်ကိုင်အဖွဲ့က ပစ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
၎င်းက “ကြည့်ရတာ ကားစီးလာတဲ့သူက သူ့ကိုအတင်းခေါ်တာ။ သူမလိုက်တော့ သေနတ်နဲ့ ပစ်လိုက်တယ်။ အဲ့ဒီနေရာမှာပဲ သေသွားတယ်။ ဘယ်အဖွဲ့ကပစ်သွားလဲမသိဘူး”ဟုဆိုသည်။
သေနတ်ဖြင့် အပစ်ခံရမှုကြောင့် သေဆုံးသွားသည့် အမျိုးသားသည် အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး နေရပ်လိပ်စာကိုတော့ မသိရသေးဟု ၎င်းက ဆက်ပြောသည်။
ပစ်ခတ်မှု ဖြစ်ပွါးပြီးနောက် မြို့မစျေးရှိ စျေးဆိုင်များပိတ်ခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကိုလဲချား ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားသည်။
လဲချားမြို့နယ်တွင် ဗုံးပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွါးခဲ့သော်လည်း ယခုကဲ့သို့ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
လဲချားမြို့နယ်သည် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ပအိုဝ်းအမျိုးတပ်မတော် PNOနှင့် စစ်ကောင်စီတပ်တို့ လှုပ်ရှားနေသည့် နယ်မြေတစ်ခုလည်း ဖြစ်သည်။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1447
YouTube -> https://youtu.be/9ijGcDu-6fE
Website -> https://thanlwinkhet.net/?p=5121
Website ->https://eng.thanlwinkhet.net