ယမင်းဖူးပွင့်အောင်
ဇွန် ၁၀ ၊ ၂၀၂၃။
ရက်ပေါင်း ၂၀ ကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည့် ပဒူကျေးရွာဒေသခံများကို စစ်ကောင်စီတပ်ကစစ်ကိုင်းတောင်ရိုးဘုန်ကြီးကျောင်းများနှင့်မြို့ပေါ်ရပ်ကွက်များအထိပါ လိုက်လံဖမ်းဆီးနေသောကြောင့် စစ်ဘေးရှောင်ပြည်သူ ကိုးဦး ဖမ်းဆီးခံထားရသည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ဘေးရှောင်နေသည့် ပဒူကျေးရွာဒေသခံများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းတစ်စုံတစ်ရာမရှိဘဲဖမ်းဆီးနေခြင်းဖြစ်ပြီး ယခုလ ဇွန် ၆ ရက်တွင် ရွှေတောင်ဦးမှော်ကျောင်းတိုက်၌ စစ်ဘေးရှောင်နေသော မအေမီတို့သားအမိနှစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ပဒူကျေးရွာဒေသခံများ ဆက်တိုက်ဖမ်းဆီးခံနေခြင်းဖြစ်သည်။
စစ်ကောင်စီတပ်က စစ်ကိုင်းတောင်ရိုးတစ်လျှောက်ရှိ ဘုန်းကြီးကျောင်းများကို ဝင်ရောက်စီးနင်းကာ ပြည်တော်အေးကျောင်းတိုက်မှ စစ်ရှောင်နေသည့် ပဒူကျေးရွာပြည်သူနှစ်ဦးကို ထပ်မံဖမ်းဆီးသွားခဲ့သည်ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရသည်။
“ဘာလို့ဖမ်းလဲဆို ဖမ်းချင်လို့ဖမ်းတာပေါ့။ ပုံမှန်ကတော့ အဖမ်းခံရတဲ့သူတွေကို တပ်မ ၃၃ ထဲကိုခေါ်သွားနေကြပဲ။နောက်ဆက်တွဲအခြေအနေကတော့ မသိရသေးဘူး “ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်က စစ်ကိုင်းမြို့ပေါ်ထိ ထွက်ပြေးတိမ်းရှောင်နေသည့် ပဒူကျေးရွာစစ်ဘေးရှောင်များကိုပါလိုက်လံဖမ်းဆီးနေခဲ့ရာ ဇွန်လ ၇ ရက်တွင်လည်း စစ်ကိုင်းမြို့ မြဝတီရပ်ကွက်၌ သက်လတ်ပိုင်းအရွယ် ပဒူကျေးရွာစစ်ရှောင်များဖြစ်သည့် ကိုဇော်သက် ၊
ကိုရန်ငြိမ်းအောင် ၊ စစ်ကိုင်းတောင်ရိုး တိလောကဂုရုချောင် ဘုန်းကြီးကျောင်း၌ ကိုဝေယံ ၊ ကိုချစ်သဲအောင် နှင့်ကိုသန်းစိုးနိုင်တို့ ထပ်မံ ဖမ်းဆီးခံခဲ့ရသည်။
ဖမ်းဆီးခံရသူများသည် ကာကွယ်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်ဟု စစ်ကောင်စီဝါဒဖြန့် ချန်နယ်များတွင် ဖော်ပြထားကြပြီး သံလွင်ခက်က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ဒေသခံများကမူ ဖမ်းဆီးခံရသူများသည် ပဒူကျေးရွာစစ်ဘေးရှောင်များသာဖြစ်သည်ဟု အတည်ပြုပြောဆိုသည်။
ပြီးခဲ့သည့် မေလ၁၉ ရက်ကတည်းက စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး တပ်စွဲထားသောကြောင့် လက်ရှိချိန်ထိထွက်ပြေးရှောင်တိမ်းနေကြရသည့် ပဒူစစ်ရှောင်များသည် စားဝတ်၊နေရေးတို့အတွက် အခက်အခဲများရှိနေပြီးဖမ်းဆီးမှုများကြောင့်လည်း စစ်ဘေးရှောင်များကြား စိုးရိမ်မှုမြင့်တက်နေသည်ဟု တာဝန်ရှိသူက ဆက်ပြောသည်။
” အစစအရာရာခက်ခဲပါတယ်။ စစ်ရှောင်ရဝာာ ရက်ရှည်လာပြီဆိုတော့ ကျပ်တည်းလာတာပေါ့။ စစ်ရှောင်တွေကိုပါ ဖမ်းဆီးလာတာ ဆိုတော့ နေမှုထိုင်မှုကအစ ခက်ခဲပါတယ်။ မလုံခြုံတာတော့ တောရော၊ မြို့ရော အတူတူပါပဲ“ဟု၎င်းက ပြောသည်။
ပဒူကျေးရွာသည် ရပ်ကွက် ၇ခု၊ အိမ်ခြေ ၁၅၀၀ ကျော်နှင့် လူဦးရေ ၆၀၀၀ ခန့်ရှိပြီး စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီးမှုနှင့် လေကြောင်းတိုက်ခိုက်မှုတို့ကြောင့်နေအိမ် ၅၀၀ခန့် ပျက်စီးဆုံးရှုံးခဲ့သည်။
ပဒူကျေးရွာအပါအဝင် ကံကြီးကုန်းကျေးရွာ၊ ဆည်လေးတောကျေးရွာ၊ တလိုင်းကျေးရွာ အပါအဝင်စသည့် နီးစပ်ရာ ရွာပေါင်း ၁၄ ရွာခန့်က ဒေသခံပြည်သူများလည်း ပဒူကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်က လိုက်လံစစ်ကြောင်းထိုးနေမှုကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်ဟု သိရသည်။
ပုံစာ− စစ်ကြောင်းထိုးမှုကြောင့် တိမ်းရှောင်နေရသည့် ပဒူကျေးရွာ ပြည်သူများ ပုံဟောင်း။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1385
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5070
Website ->https://eng.thanlwinkhet.net