ဇွန် ၁၀၊ ၂၀၂၃။
သံလွင်ခက်။
ရခိုင်ပြည်နယ်က မိုခါမုန်တိုင်းသင့် ပြည်သူများကို ကူညီမှုပေးရန် ရန်ကုန်မြို့မှ ထွက်ခွာလာသည့် ကား ၇ စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားသည်ဟု ဒေသခံများထံက သိရသည်။
ရန်ကုန်မြို့မှ ထွက်ခွာလာသည့် ကား ၇ စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇွန်လ ၉ ရက်၊ညနေ ၆ နာရီကျော်တွင် မြောက်ဦးမြို့၊ ညောင်ပင်စျေးရပ်ကွက်၊ သျှစ်သောင်းလမ်းဆုံအနီးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မြောက်ဦးဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက ” မနေ့က သျှစ်သောင်းလမ်းဆုံနားမှာဖမ်းပြီးတော့ ကားသမားတွေကို ကားနှစ်စီးနဲ့ ရဲစခန်းကို ခေါ်သွားတယ် ” ဟုပြောသည်။
သံလွင်ခက်သတင်းဌာနက ဆက်သွယ်မေးမြန်းသည့် ယနေ့ ဇွန်လ ၁၀ရက် မနက် ၁၁နာရီထိ ဖမ်းဆီးခံထားရသည့်ကားသမားများ ပြန်လည်လွှတ်ပေးခြင်းမရှိသေးပေ။
မုန်တိုင်းသင့် ပြည်သူများကို လူသာချင်းစာနာမှုဆိုင်ရာ အကူညီများပေးနေသည့် ပြည်တွင်း၊ ပြည်ပအဖွဲ့စည်းများအား ရခိုင်ပြည်နယ်အတွင်း ကူညီသွားလာခွင့်ကို စစ်ကောင်စီက ဇွန်လ ၈ ရက်နေ့တွင် ပိတ်ပင်ခဲ့သည်။
ရခိုင်ပြည်နယ်တွင် သိန်းနှင့်ချီသည့် ပြည်သူများသည် အရေးပေါ်အကူအညီများ လိုအပ်နေအချိန်တွင် စစ်ကောင်စီက ကူညီသွားလာခွင့်ကို ပိတ်ပင်လိုက်သည့်အတွက် မုန်တိုင်သင့်ပြည်သူများ အခက်အခဲနှင့် ဒုက္ခများပိုကြုံလာနိုင်သည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
၎င်းက ” အခုလည်းဒုက္ခရောက်နေတယ်။ အဲ့ဒီထဲမှာမှ ထပ်ပြီး ဒီလိုပိတ်စို့မှုတွေ လုပ်လိုက်တဲ့အခါကြရင် ဒုက္ခပိုရောက်သွားကြတာပေါ့။ မိုးရွာကလည်းရွာနေတယ် သူတို့မှာ စားစရာ ရိက္ခာလည်းမရှိဘူး။ နောက်တစ်ခါ အမိုးကာလည်းလုံလုံလောက်မရှိဘဲ နေထိုင်နေကြရတဲ့ အခြေအနေမှာပဲ ရှိနေကြသေးတယ်။ ” ဟုဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နှင့် ၂ ရက်နေ့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့၌ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ဖွဲ့ ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့ တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံရာတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲများနှင့် ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဖမ်းဆီးထားသူများ ပြန်လွှတ်ပေးရေး၊ မတရားအသင်းမှ ပယ်ဖျက်ပေးရေးနှင့် မိုခါမုန်တိုင်းသင့်ပြည်သူများထံသို့ လူသာချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီများ အဆင်ပြေချော့စွာ ရောက်နိုင်ရေး စသည့် အချက်များကို ဆွေးနွေးခဲ့ကြသည်ဟု စစ်ကောင်စီကထုတ်ပြန်ထားသည်။
ထိုသို့ဆွေးနွေးပြီးနောက် ယခုကဲ့ ရခိုင်ပြည်နယ်အတွင်း ကူညီသွားလာခွင့် ပိတ်ပင်လိုက်ခြင်းသည် ဆွေးနွေးတောင်းဆိုမှုများကို အသိမှတ်မပြုရာ ရောက်သည်ဟု ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ထောက်ပြသည်။
၎င်းက ” မိုင်းလားအစည်းဝေးမှာ ULA / AA ဘက်က ဒုက္ခသည်တွေကို ကူညီဖို့အတွက် လမ်းဖွင့်ပေးဖို့ တောင်းဆိုခဲ့တာရှိတယ်။ အဲ့တောင်းဆိုမှုကိုလည်း အသိမှတ်မပြုရာ ရောက်တယ်။ ဒီအကျိူးဆက်ကတော့ ရခိုင်ရေဘေးပြည်သူတွေအတော်ဒုက္ခရောက်နိုင်မယ့် အခြေအနေရှိတယ်။ အပစ်ခတ်ရပ်ဆဲရေး သဘောတူညီချက်ကိုလည်း ချိုးဖောက်တဲ့သဘောရှိတဲ့အတွက် ULA / AA အနေနဲ့ ဆက်ဆံရေးတင်းမာလာနိုင်တယ်။ ” ဟုဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ကူညီသွားလာခွင့်များ စစ်ကောင်စီက ပိတ်ပင်လိုက်သည့်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ဆိုးရွားနေသည်ဟု UNOCHA က လည်း ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖြန့်ဖြူးရေးနှင့် သယ်ယူပို့ဆောင်ရေးအစီစဉ်များကို ရခိုင်ပြည်နယ်သာမက ချင်းပြည်နယ်တွင်လည်း အလားတူ ကန့်သတ်ထားသည်။
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးထားသည့် ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ / ( သံလွင်ခက် )
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1388
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5076
Website ->https://eng.thanlwinkhet.net