“တိုက်ပွဲမဖြစ်ခင် သုံးရက်လုံးလုံး ကျွန်တော်တို့ရှိနေနိုင်တဲ့နေရာတွေကို လေကြောင်းပစ်ကူလုပ်ပြီးမှ သူတို့ တက်လာတာ “
သံလွင်ခက်
ဇွန် ၇ ၊ ၂၀၂၃ ။
နှစ်ဖက်တပ်တွေအတွက် ဗျူဟာအရအရေးပါတဲ့ သီမစ်လွင်ပြင်ဒေသ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီကလေကြောင်းပစ်ကူတွေအလွန်အကျွံအသုံးပြုတိုက်ခိုက်နေတယ်လို့ CNA/CNF ပြောခွင့်ရ ဆလိုင်းထက်နီကသံလွင်ခက်ကိုပြောပါတယ်။
ချင်းပြည်နယ် ထန်တလန်မြို့နယ်နဲ့ ဟားခါးမြို့နယ်ကြားကရှိတဲ့ သီမစ်လွင်ပြင်ဒေသမှာ ပြီးခဲ့တဲ့မေလ နောက်ဆုံးပတ်ကတည်းကနေ အခုလထဲအထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်းများနေတာပါ။
လေကြောင်းပစ်ကူတွေအသုံးပြုပြီး အင်အား ၁၅၀ လောက်နဲ့တက်လာတဲ့ စစ်ကောင်စီတပ်တွေကို နယ်မြေပထဝီအရ အားသာချက်တွေရှိနေတဲ့ CNA ၊ CDF အပါအဝင် ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ က အကောင်းဆုံးတိုက်ခိုက်နေတာလို့ ဆလိုင်းထက်နီကပြောပါတယ်။
” တိုက်ပွဲမဖြစ်ခင် သုံးရက်လုံးလုံး ကျွန်တော်တို့ရှိနေနိုင်တဲ့နေရာတွေကို လေကြောင်းပစ်ကူလုပ်ပြီးမှ သူတို့ တက်လာတာ ။ နေ့စဥ်ရက်ဆက်တိုက်ပွဲဖြစ်တဲ့အခါမှာလည်း လေကြောင်းကိုအဓိက အသုံးပြုနေတာပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့က နယ်မြေပထဝီအရ ကောင်းကောင်းအသားစီးရယူနေနိုင်တယ် “။
သီမစ်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၃၀ ဦးထက်မနည်း သေဆုံးထားပြီး ထိခိုက်ဒဏ်ရာရတဲ့ ၂၀ ဦးလောက်ကလည်း ဆေးရုံကိုရောက်နေတယ်လို့ ဆလိုင်းထက်နီကပြောပါတယ်။ ဒါအပြင် လက်နက်၊ ခဲယမ်းတွေလည်း သိမ်းဆည်းရမိထားတာတွေရှိတယ်လို့ ၎င်းကဆိုပါတယ်။
ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ဇွန်လ နှစ်ရက်နေ့ထိ ၁၂ ဦးကျဆုံးထားပြီး ၁၀ ဦးလောက်ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။ဒါပေမယ့်လည်း မနေ့ ဇွန်လ ၆ရက်နဲ့ ၅ ရက်နေ့တိုက်ပွဲတွေမှာ ချင်းပူးပေါင်းတပ်ဘက်က ရဲဘော်၄ ဦး ထပ်မံကျဆုံးခဲ့တယ်လို့ ဒေသခံသတင်းအရင်းအမြစ် The Chin Journal ကဖော်ပြထားပါတယ်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာဟာ ဟားခါးမြို့နဲ့ပိုနီးပြီး စစ်ကောင်စီရဲ့ ဗျူဟာရှိတဲ့ ဟားခါးမြို့ကနေ ကျဆုံးနဲ့ဒဏ်ရာရ ရဲဘော်တွေရဲ့နေရာတွေမှာ အစားထိုးဖို့ စစ်ကောင်စီက အင်အားထပ်ဖြည့်တာတွေရှိနေပါတယ်။
ချင်းအမျိုးသားတပ်ဦး CNA /CNF ဌာနချုပ်နဲ့ CDF ဌာနချုပ်တွေရှိတဲ့နေရာကို ထိုးဖောင်ဝင်ရောက်နိုင်ဖို့ သီးမစ်လွင်ဒေသဟာ စစ်ရေးဗျူဟာအတွက် အရေးပါတဲ့ နေရာဖြစ်လို့ စစ်ကောင်စီက မြေပြင်၊ ဝေဟင် စစ်ကြောင်းတွေနဲ့ ထိုးစစ်ဆင်နေတာပါ ။
စစ်ကောင်စီက လေကြောင်းအလွန်အကျွံအသုံးပြုထိုးစစ်ဆင်နေပေမယ့်လည်း စိုးရိမ်စရာအခြေအနေမရှိတဲ့အပြင် ရည်မှန်းထားတဲ့နိုင်ငံရေးပန်းတိုင်ရောက်အောင် ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ဆလိုင်းထက်နီက သံလွင်ခက်ကိုပြောပါတယ်။
” အဲ့နေရာက နှစ်တိုင်းမိုးအဝင်မှာဖြစ်နေတာ။ သူတို့စစ်ဆင်ရေးလုပ်နေကျ ။ မနှစ်ကလည်း အဲ့နေရာမှာ ကျွန်တော်တို့ တစ်လကျော်ကြာတိုက်ပွဲ ဖြစ်တယ်ပေါ့ ။
အခုလည်း အဲဒီလိုစစ်ဆင်ရေးပြန်လုပ်လာတာဖြစ်တယ်။ လေကြောင်းတွေအသုံးပြုနေပေမယ့် သူတို့ရဲ့တိုက်ရည်ခိုက်ရည်နဲ့ မြေပြင်မှာအသာစီးရမနေပါဘူး ။ ကျွန်တော်တို့က တိုက်စရာရှိတာ ဆက်တိုက်မှာပဲ ။ ကျွန်တော်တို့လိုလားတဲ့နိုင်ငံရေးမျော်မှန်းချက်ရရှိဖို့အတွက် ကျွန်တော်တို့က ပေးဆပ်ပြီးသားပါ “။
လက်ရှိအာဏာသိမ်းကာလအတွင်းမှာ ခုခံတော်လှန်စစ်တွေအားကောင်းနေတဲ့ ချင်းပြည်နယ်ကို အခုနှစ်အစပိုင်းကစလို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပိုမိုထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
အခုနှစ်အစပိုင်း ဇန်နဝါရီလထဲမှာ ထန်တလန်မြို့နယ်ထဲက CNF/CNA ဌာနချုပ် ဗစ်တိုးရီးယားကန့်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လာတာဖြစ်ပါတယ်။
စစ်ကောင်စီကတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေနဲ့ တိုက်ပွဲအတွင်းတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအသုံးပြုတိုက်ခိုက်လာသလို ချင်းပြည်နယ်က မြို့နယ်အများစုက အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်လာလို့ပြည်သူတွေ အသက်ဆုံးရှုံးရတာတွေနဲ့ ကျေးရွာတွေ ၊ စစ်ရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ နေအိမ်တွေ များစွာပျက်စီးနေခဲ့ရပါတယ်။
ပုံစာ–လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ သီမစ်လွင်ပြင်ဒေသကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှု
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1354
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.net/?p=5006
Website ->https://eng.thanlwinkhet.net